နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇွန် ၅ ရက်

အာဏာသိမ်း စစ်ကောင်စီက ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းဒေသရှိ မြို့နယ်တချို့ကို လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေပြီး စစ်သားစုဆောင်းမှုနှင့် ယင်းကိစ္စ အကြောင်းပြကာ ဆက်ကြေးကောက်မှုများ ပိုမိုလုပ်ဆောင်လာကြောင်း ဒေသခံများနှင့် အရပ်ဖက်အဖွဲ့အစည်းထံက သိရသည်။

ဆီဆိုင်၊ ပင်လောင်းမြို့နယ်အပါအဝင် ပအိုဝ်းဒေသတွင် ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်မှစ၍ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်(PNLA) ၊ မဟာမိတ်အဖွဲ့နှင့် စစ်ကောင်စီတပ်၊ ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNO/PNA) တို့အကြား နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူအများအပြား လက်ရှိအချိန်ထိ တိမ်းရှောင်နေရကြောင်း သိရသည်။

“လက်ရှိပအိုဝ်းဒေသရဲ့ စစ်ရေးအခြေအနေက ဆီဆိုင်မြို့ကလွဲရင် ကျန်တဲ့မြို့နယ်တွေမှာ မြေပြင်တိုက်ပွဲ တည်ငြိမ်နေတာကို တွေ့ရတယ်။ ဆီဆိုင်မြို့ နားခိုက်ကျေးရွာအုပ်စုဘက်မှာတော့ မြေပြင်တိုက်ပွဲ ဖြစ်ပွားနေတာ ဆက်ရှိနေတယ်။ နောက် တချို့မြို့နယ်တွေမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်နေတာတွေ ဆက်ရှိနေဆဲဖြစ်တယ်” ဟု ပအိုဝ်းလူငယ်အစည်းအရုံး (PYO)မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် ဆီဆိုင်မြို့အပါအဝင် ပအိုဝ်းဒေသကို စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNO/PNA) တို့က ပြန်လည်ထိန်းချုပ်ရန် နည်းပေါင်းစုံဖြင့် လုပ်ဆောင်နေပြီး အကြောင်းအမျိုးမျိုးကြောင့် နေရပ်ပြန်လာသော စစ်ဘေးရှောင် ပြည်သူများကိုလည်း စစ်သားစုဆောင်းမှုနှင့် အဆိုပါကိစ္စရပ်ကို အကြောင်းပြ၍ ဆက်ကြေးကောက်ခြင်းများ ပိုမိုလုပ်လာကြောင်း သိရသည်။

“ကျေးလက်နဲ့ ပဋိပက္ခဖြစ်တဲ့ ဒေသမှာ ပိုဖြစ်နေတာကို တွေ့ရတယ်။ ဆက်ကြေးအပါအဝင် စစ်မှုထမ်းရမယ် ဖြစ်လာတော့ ပြည်သူတွေက ရရာနည်းလမ်းနဲ့ အပြင်ကို ထွက်ကြတယ်။ ဒီကိစ္စနဲ့ စပ်လျဉ်းပြီး လူထုရဲ့ စားဝတ်နေရေး အတော်ထိတယ်။ စစ်ကောင်စီကတော့ စစ်မှုထမ်းဆင့်ခေါ်စာ၊ စာရင်းပေးသွင်းဖို့ အစရှိတဲ့ ကိစ္စရပ်မျိုးကို မေလက စတင်ပြီး အများကြီး လုပ်လာ၊ ဖြစ်ပေါ်လာတယ်” ဟု PYO မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

စစ်ကောင်စီတပ်နှင့် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNO/PNA) တို့သည် ပြီးခဲ့သည့် မေလမှ ယခုဇွန် ၃ ရက်အထိ ပြည်သူလူထုအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပြန်ပေးဆွဲ ငွေညှစ်ခြင်း၊ ရိုက်နှက်နှိပ်စက်ခြင်းတို့ကို (၉)ကြိမ် ပြုလုပ်ခဲ့ပြီး ဇွန် ၂ ရက်ကလည်း ဆီဆိုင်မြို့၊ ကယန်းလေးရွာမှ ပြည်သူ တစ်ဦးကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ကျေးရွာများအတွင်း စစ်ကြောင်းထိုးကာ ပြည်သူလူထု၏ ပစ္စည်းများကို ခိုးယူသယ်ဆောင်၍ ကျေးရွာများကို ဖျက်ဆီးနေပြီး မေလအတွင်းက ဆီဆိုင်မြို့နယ်ရှိ ကောင်ဝိန်းကြီး၊ နောင်ကျော၊ နောင်ရင်း၊ ရေဖြူ၊ ကန်တော်လေး စသည့် ကျေးရွာ ၂၀ ကျော်မှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း PNLA က ထုတ်ပြန်ပြောဆိုသည်။

“ပြန်လာတဲ့ စစ်ရှောင်ဒေသခံတွေအနေနဲ့က အိမ်ပြန်နေလို့ရရုံဆိုတဲ့ အနေအထားမှာဘဲ ရှိနေကြပါတယ်။ ပဋိပက္ခကာလတုန်းက နေအိမ်တွေမှာ ပစ္စည်းတွေ ခိုးခံသယ်ထုတ်ခံရတဲ့ ကိစ္စရပ်က တော်တော်ကြီးကြီးမားမား ဖြစ်ပေါ်ခဲ့တာမို့ နေရပ်ကို ပြန်လာကြတဲ့ ဒေသခံပြည်သူတွေဟာ ဆိုလာပြားကစ အစစအရာရာ ပြန်လည်ဖြည်းတင်းနေရတယ်” ဟု ဆီဆိုင်မြို့ခံ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပအိုဝ်းဒေသတိုက်ပွဲများအတွင်း ပြည်သူ ၇၅ ဦး သေဆုံး၍ ထိခိုက်ဒဏ်ရာရသူ ၉၉ ဦးရှိကာ ပြည်သူလူထု တိမ်းရှောင်နေရမှုသည်လည်း လက်ရှိအချိန်ထိ လူဦးရေ ငါးသောင်းဝန်းကျင်ခန့် ကျန်ရှိနေသေးပြီး တချိူ့မှာ စားနပ်ရိက္ခာ ပြတ်လပ်မှုများ ကြုံတွေ့နေရကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး (PYO)ထံက သိရသည်။

ဓာတ်ပုံ – PNLA
#စစ်ကောင်စီ #ပအိုဝ်းဒေသ #လက်နက်ကြီး #ရမ်းသန်းပစ်ခတ် #စစ်သားစုဆောင်းမှု #ဆက်ကြေးကောက်မှုများ #ပိုမိုလုပ်ဆောင် #Ayeyarwaddy_Times