ဧရာဝတီတိုင်းမ်
ဇွန် ၅ ရက်

ရန်ကုန်တိုင်းအတွင်းရှိ ရွှေဆိုင်များနှင့် ရွှေလုပ်ငန်းရှင်များအနေဖြင့် ရွှေဆိုင်များကို နေ့စဉ်ဖွင့်လှစ်ရန် လိုအပ်ပြီးသတ်မှတ်ဈေးအတိုင်းရောင်းချရမည်ဖြစ်ကြောင်း ယနေ့ ဇွန် ၅ ရက်နေ့တွင် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ( YGEA) က ထုတ်ပြန်သည်။

ထို့ပြင်ရွှေဆိုင်များဖွင်လှစ်ပြီး အရောင်း၊ အဝယ်ပြုလုပ်ရန်နှင့် သက်ဆိုင်ရာမှစစ်ဆေးရေးဝင်ရာတွင် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်းပါဝင်သည်။

YGEA၏ ယနေ့ သတ်မှတ်ဈေးမှာ အကယ်ဒမီ အခေါက်ရွှေ တစ်ကျပ်သား (အပိတ်ဈေး) လေးဆယ်ရှစ်သိန်းကျော် ၄,၈၁၅,၀၀၀ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိတွင်ရွှေဆိုင်များက အကယ်ဒမီရွှေ အခေါက် ၁၆ ပဲရည်ကို ရောင်းချခြင်း၊ ပြန်လည်ဝယ်ယူခြင်းများမရှိဘဲ ရွှေထည်ပစ္စည်း ၁၅ ပဲရည်သာရောင်းချပေးကြောင်း ဈေးကွက်အတွင်းက သိရသည်။

“တရားဝင်ဆိုင်တွေက သူတို့ရွှေပြန်ဝယ်ပေးရင် အပြင်မှာကြိုက်ဈေးနဲ့ရောင်းကျမှာပဲ။ အခုအသင်း သတ်မှတ်ဈေးက တစ်ကျပ်သား ၄၈ သိန်းနဲ့။ အပြင်မှာ အချင်းချင်းအရောင်းအဝယ်ဖြစ်နေကြတာက တစ်ကျပ်သားကို ၅၂ သိန်းနဲ့ ၅၃ သိန်းကြားရှိတယ်။ ရွှေကိုင်ထားပြီးတော့ ငွေလိုတဲ့သူကပြန်ရောင်းပေါ့။ မှောင်ခိုဈေးကွက်ဖြစ်လာတာပဲ” ဟု ပန်းထိမ်လုပ်သူတစ်ဦးက ဧရာဝတီတိုင်းမ် ပြောသည်။

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံ၊ တိုက်ကြီး၊ လှိုင်၊ မရမ်းကုန်း၊ ​လှည်းကူး၊ တောင်ဥက္ကလာ နှင့် မှော်ဘီမြို့နယ်များရှိ ရွှေဆိုင်များသည် ရွှေ ၁၅ ပဲရည်နှင့် ၁၆ ပဲရည်တို့ကို သတ်မှတ်ဈေးထက်ကျော်လွန်ရောင်းချခြင်း၊ ရွှေရောင်းချမှုမရှိခြင်းများအပါအဝင် ပိတ်ထားသည့်ဆိုင် စုစုပေါင်း ၈၂ ဆိုင်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းထံက သိရသည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်၊ ဦးထုံ
#ရွှေဆိုင်များဖွင့်ရန် #သတ်မှတ်ဈေးအတိုင်းရောင်းရန် #YGEAထုတ်ပြန် #Ayeyarwaddy_Times