ဧရာဝတီတိုင်းမ်
ဇွန် ၅ ရက်

စစ်ကောင်စီ၏စစ်မှုထမ်းကြောင့် ဧရာဝတီတိုင်းတွင် သုံးလအတွင်း လူငယ်ဆန်စက်လုပ်သားများ ရှားပါးနေကြောင်း ဆန်စက်လုပ်ငန်းရှင်များထံကသိရသည်။

ဧရာဝတီတိုင်းရှိ ဆန်စက်အများအပြားတည်ရှိနေသော ပုသိမ်၊မြောင်းမြ၊ဖျာပုံ၊ကန်ကြီးထောင့်၊ဝါးခယ်မ၊ဓနုဖြူ၊မအူပင်၊ညောင်တုန်းနှင့်ဟင်္သာတမြို့နယ်တို့ တွင်စစ်မှုထမ်းဥပဒေကြောင့် ပြီးခဲ့သည့်မတ်လ ကစပြီး နေ့စားလုပ်သား ရှားပါးမှုဖြင့် ရင်ဆိုင်နေရကြောင်း မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းအဖွဲ့ဝင် ဆန်စက်ပိုင်ရှင်တစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။

“ကောက်ကြီးဆန်တို့ပေါ်ဆန်းမွှေးတွေစိုက်တဲ့ပုသိမ်တို့ဖျာပုံတို့မြောင်းမြတို့နေရာတွေကောက်လတ်ဆန်နဲ့ဆန်ကြမ်းတွေစိုက်တဲ့ ဝါးခယ်မ၊မအူပင်နဲ့ဓနုဖြူ တွေမှာကဆန်စက်အကြီးတွေရှိကြတယ်။ စစ်မှုထမ်းဥပဒေ ထုတ်ပြီးတော့ လူတွေစုဆောင်းတဲ့မတ်လကစပြီး လုပ်သားတွေစရှားကုန်တာ။ အခုဆို စပါးခြွေဖို့နဲ့ဆန်ကြိတ်ခွဲဖို့အတွက်လူရှာလို့ကိုမရတော့ဘူး။ ။အခုလူငယ်လူလတ်အကုန် စစ်မှုထမ်းရတာဆိုတော့ လုပ်သားမရတော့ဘူးဖြစ်နေတာပေါ့”ဟု ၎င်းကပြောသည်။

ထိုသို့စစ်မှုထမ်းဥပဒေ ပြဌာန်းမှုကြောင့် နေ့စားလုပ်သားများမှာ စစ်ထဲဝင်ရခြင်းနှင့် စစ်သင်တန်းမတက်ရောက်လို၍ ထွက်ပြေးတိမ်းရှောင်နေရသည့်အတွက် လုပ်သားရှားပါးမှုကြုံနေခြင်းလည်း ဖြစ်သည်။

”စစ်မှုထမ်းဥပဒေကြောင့် ရွာကသူတွေကောင်းကောင်းကိုမနေရတော့ဘူး။ ဘယ်သူဘယ်နေ့ မဲပေါက်မလဲသင်တန်းတက်ဖို့လာဆွဲခံရမလဲပဲပူနေရတာ။ ပါသွားပြီဆိုရင်လည်းအိမ်ကသူတွေက မျက်ရည်နဲ့မျက်ခွက်ကျန်ခဲ့ရတယ်။ထွက်ပြေးပြီဆိုရင်လည်း အိမ်ကသူတွေကိုပြဿနာလာရှာပြန်တယ်။ ကျွန်တော်စစ်မှုထမ်းပါမှာစိုးလို့‌ရှောင်လိုက်ရတော့အိမ်ကသူတွေစားဝတ်နေရေးအတွက် ခက်ခဲကုန်ပြီလေ။ အိမ်မှာကလူမမယ်ကလေးတွေပါရှိနေတာဆိုတော့ တကယ့်ကိုဒုက္ခရောက်ကုန်တယ်”ဟု ညောင်တုန်းမြို့နယ်မှ အသက်၂၅နှစ်
အရွယ် ဒေသခံလုပ်သားတစ်ဦးကဆိုသည်။

ဧရာဝတီတိုင်းရှိ ဆန်စက်များတွင် နေ့စားလုပ်သားများကို ခေါ်ယူရာ၌ အသက်အရွယ်ကိုလိုက်၍ လူငယ်တစ်ဦးလျှင်နေ့စားစရိတ် ၅၀၀၀ကျပ်မှ ၈၀၀၀ ကျပ်ကြားရှိပြီး လူလတ်ပိုင်းအရွယ်နေ့စားတစ်ဦးလျှင် နေ့စားစရိတ် ၄၀၀၀ ကျပ်မှ ၆၀၀၀ ကျပ်ကြားရှိနေကြောင်း ဆန်စက်လုပ်ငန်းလုပ်ကိုင်သူများထံက သိရသည်။

ဧရာဝတီတိုင်းတွင် လူဦးရေ ၆ ဒဿမ ၁ သန်းရှိရာ လူငယ်၊လူလတ်အရွယ် အခြေခံလုပ်သားဦးရေမှာ ခြောက်သိန်းကျော်နီးပါးရှိသည့်အနက် အမျိုးသားအခြေခံလုပ်သားအရေအတွက်မှာ နှစ်သိန်းနီးပါးရှိကြောင်း ၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်းတွင် ဖော်ပြထားသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့်မတ်လနောက်ဆုံးအပတ်ကစ၍ စစ်သင်တန်းများဖွင့်ခဲ့ရာ ယခုအခါ အပတ်စဉ် သုံးသို့ ရောက်ရှိနေပြီဖြစ်ပြီးဧရာဝတီတိုင်းသည် စစ်ကောင်စီအတွက် အင်အားဖြည့်တင်းပေးနေသည့် အဓိကတိုင်းတစ်ခုလည်း ဖြစ်သည်။

#ဧရာဝတီတိုင်း #စစ်မှုထမ်းဥပဒေ #၃လ #ဆန်စက်လုပ်သား #လူငယ်များရှားပါး #Ayeyarwaddy_Times