ညိမ်းသော် / ဧရာဝတီတိုင်းမ်
(မြိတ်)၊ သြဂုတ်လ ၇ ရက်
တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်အတွင်းက စစ်ကောင်စီတပ်ရင်းတွေမှာ အောက်ခြေစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ နိုင်ငံသားစိစစ်ရေးကတ်(မှတ်ပုံတင်)တွေကို စစ်တပ်အကြီးတန်းအရာရှိတွေက သိမ်းဆည်းထားတယ်လို့ သိရပါတယ်။
မြိတ်မြို့နယ်၊ ပနိုဒေသ ကောင်းမူရွာနဲ့ နန်းတော်ရွာ အခြေ ပြုတဲ့ အမှတ်၂၀၁ နဲ့ ၅၀၁ အမြောက်တပ်ရင်း (အမတ- ၂၀၁)(အမတ- ၅၀၁)၊အမှတ် ၈ ဆက်သွယ်ရေးတပ်ရင်း (ဆသရ- ၈ )၊ အမှတ် ၉၃၇ ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ရင်း(ထပရ – ၉၃၇) တပ်တွေအပါအဝင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် (ကရခ)လက်အောက်ခံ ခြေလျင် ၊ခြေမြန်တပ်ရင်းတွေလည်းပါဝင်တယ်လို့သိရပါတယ်။
စစ်အာဏာသိမ်းပြီးနောက် CDM လှုပ်ရှားမှုတွေစတင်ချိန်ကထဲက အောက်ခြေစစ်သားတွေရဲ့ မှတ်ပုံတင်ကတ် ပြားတွေကို သိမ်းဆည်းထားတာဖြစ်ပြီး ပြန်တောင်းလို့မရဘူးလို့ မကြာသေးခင် ပြီးခဲ့တဲ့ ဇွန်လအတွင်းက CDM ပြုလုပ်လာတဲ့ အမှတ် ၅၀၁ အမြောက်တပ်ရင်းကတပ်မတော်သားတဦးကပြောပါတယ်။
” စစ်အာဏာသိမ်းပြီးတော့ CDM လှုပ်ရှားမှုတွေစလာတဲ့အချိန် ကျနော်တို့အောက်ခြေစစ်သားတွေဆီကနေ မှတ်ပုံတင်တွေလာတောင်းတယ်၊ ဒီ ကရခ စစ်တိုင်းထဲက လက်ရုံးတပ်တွေရော၊ တိုင်းအပြင်က တပ်တွေရောကိုအကုန်တောင်းတာ။ ခုထိပြန်မပေးဘူး။တောင်းရင်လည်း ဘာလုပ်ဖို့လဲမေးတယ်၊ ပြန်မပေးဘူး။ ကိုယ်မှတ်ပုံတင်နံပါတ်တောင် မမှတ်မိတော့ဘူး၊ တပ်ပြင်ကိုလည်းထွက်ခွင့်မပေးဘူး၊ တပ်ပြင်မှာတင်မဟုတ်ဘူး တပ်တွင်းထဲမှာဖုန်းတွေလည်းစစ်တယ်၊ Facebook အကောင့်တွေလည်း ယူထားတယ်” လို့ အဲ့ဒီ CDM တပ်မတော်သားက ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်အနေနဲ့ အောက်ခြေစစ်သားတွေ ၄င်းတို့စစ်ကောင်စီတပ်ကစွန့်ခွာထွက် ပြေးမှာကို စိုးရိမ်လို့အခုလို မှတ်ပုံတင် သိမ်းဆည်းတာတွေအထိလုပ်ဆောင်လာတာဖြစ်တယ်လို့ တပ်မတော်သားဟောင်းတဦးကသုံးသပ်ပြောဆိုပါတယ်။
” ကျနော်ထင်တယ် ကရခ လက်အောက်ခံတပ်တွေတင်မဟုတ်လောက်ဘူး။ တော်တော်များများတပ်တွေမှာသိမ်း ထားလိမ့်မယ်။အခုက အောက်ခြေမှာတချို့က CDM ကိုစိတ်မဝင်စားပေမယ့်၊ မနေချင်တော့လို့ ဆက်မလုပ်ချင်တော့လို့ ထွက်ပြေးဖို့ချောင်းနေတာတွေရှိတယ်။ အဲ့တာတွေကိုထိန်းချုပ်နိုင်ဖို့ မှတ်ပုံတင်တွေသိမ်းထားတာပေါ့။ အခုက မှတ်ပုံတင်မရှိရင် အဝေးပြေးကားတွေလည်းစီးဖို့မလွယ်ဘူးလေ။ မှတ်ပုံတင်မပါဘဲထွက်ပြေးလာတယ်ဆိုရင် သူတို့အလွယ်တကူပြန်မိနိုင်တဲ့အခြေအနေမျိုးဖြစ်အောင်လုပ်ထားတာ” ဟု စစ်ကောင်စီတပ်တွင်း ၁၀ နှစ်ကျော်တာဝန်ထမ်းဆောင်ခဲ့သူ အရာရှိဟောင်း ၁ ဦးကပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာန ချုပ်လက်အောက်ခံ ခြေလျင်၊ခြေမြန် တိုက်ခိုက်ရေးတပ်မတွေနဲ့အခြားလက်ရုံးတပ်တွေဟာ ကရင် ပြည်နယ် KNU တပ်မဟာ ၅ နဲ့ ၆ ထိန်းချုပ်နယ်မြေဒေသ ဖာပွန်ခရိုင်နဲ့ မြဝတီခရိုင်တွေမှာ စစ်ဆင်ရေးဝင်ရောက်နေရတာဖြစ်ပြီး ရှေ့တန်းတိုက်ခိုက်ရေးတပ်က အောက်ခြေတပ်သားတွေအနေနဲ့ နေ့စဥ်နဲ့အမျှ သေဆုံးမှုတွေရှိနေသလို KNU ထံခိုလှုံသွားတာတွေလည်းရှိပြီး နောက်တန်းကစစ်ကောင်စီတပ်သားတွေလည်း စစ်ဆင်ရေးမလိုက်ချင်လို့ စွန့်ခွာထွက်ပြေးမှုတွေများပြားနေတယ်လို့ စစ်ကောင်စီတပ်အသိုင်းအဝိုင်းထံကသိရပါတယ်။