ဧရာဝတီတိုင်းမ်
ဇွန် ၂ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့ အမှတ်(၆)ရပ်ကွက်တွင် ပြီးခဲ့သည့် မေလ(၂၈)ရက်နေ့လည်ပိုင်းက လမ်းဘေးတွင်ထိုင်နေသည့် လူငယ်နှစ်ဦးကို စစ်မှုထမ်းရန်အတွက် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရကြောင်းသိရသည်။

အမှတ်(၆)ရပ်ကွက် မြို့ပတ်လမ်း နောက် လမ်းကြားနေ မောင်ထက်လင်းနှင့် ကာလီဗာလီလမ်းနေ မောင်လိူင်မင်း ဆိုသူတို့နှစ်ဦးကို ရပ်ကွက်အုပ်ချုပ်ရေးနှင့် စစ်ကောင်စီတပ်ဖွဲ့၀င်များက ကားပေါ်သို့ ဆွဲတင်ကာခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများကပြောသည်။

“အုပ်ချုပ်ရေးမှူး လဲပါတယ်စစ်သားတွေက အရပ်၀တ်တွေနဲ့ပဲ ကားပေါ်ဆွဲတင်သွားတာ ပထမတော့သူတို့မှာ အပြစ် တစ်ခုရှိလို့လာဖမ်းတာလို့ ထင်ကြတာ နောက်ပိုင်း သူ့မိဘတွေ လိုက်စုံစမ်းတော့မှ စစ်တပ်ထဲသွင်းလိုက်မှန်းသိကြတာ”ဟု မျက်မြင်တွေ့ရှိသူ တစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ဖမ်းဆီးခံရသူများ၏ မိဘများက လိုက်လံစုံစမ်းရာတွင် ပုသိမ်မြို့ ရွှေမြင်တင်ကျေးရွာရှိလေ့ကျင့်ရေး(၆)တပ်သို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်းနှင့် အဆိုပါ လူငယ်နှစ်ဦးမှ စစ်တပ်သို့၀င်ရောက်မည်ဟု လတ်မှတ်ထိုးခဲ့သည်ဟု ရပ်ကွက်အုပ်ချုပ်ရေးမှ ပြောကြားကြောင်း မိသားစုနှင့်နီးစပ်သူတစ်ဦးမှပြောသည်။

လက်ရှိ စစ်မှုထမ်းရန် အတွက် အတင်းအဓမ္မခေါ်ဆောင်ခံရသူနှစ်ဦးသည် သာမန် ပျံကျ လုပ်ကိုင်စားသောက်နေရသူ များဖြစ်ပြီး မောင်ထက်လင်းဆိုသူမှာအိမ်ထောင်သည်တစ်ဦးဖြစ်ကြောင်းသိရှိရသည်။

လက်ရှိတွင် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအရ သင်တန်း အပါတ်စဥ်(၃)အတွက် မြို့နယ် အုပ်ချုပ်ရေးမှ ရပ်ကွက်နှင့်ကျေးရွာများမှ လူငယ်များကို ခေါ်ယူရာတွင် တိမ်းရှောင်သူများသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို ဖိအားပေးမှုများပြုလုပ်လာသောကြောင့် ယခုလို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်မှုများပြုလုပ် လာခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများမှ သုံးသပ်ပြောဆိုသည်။

#ပုသိမ်မြို့ #လူငယ်၂ဦး #အတင်းအဓမ္မစစ်မှုထမ်းရန် #ဖမ်းဆီးခေါ်ဆောင် #Ayeyarwaddy_Times