
ဓာတ်ပုံ - ဟင်္သာတမြို့နယ်စစ်ကောင်စီထံ လာရောက်အပ်နှံထားသည့် ဒရုန်းတစ်စီးအား မြင်တွေ့ရစဥ်။
မင်းခ/ဧရာဝတီတိုင်းမ်
(ဧရာဝတီ)၊ သြဂုတ်လ ၇ ရက်
အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ဒရုန်းပိုင်ရှင်များအပေါ် ဒရုန်းများလာရောက်အပ်နှံရန်ကြေငြာနေသည့်အပေါ် တော်လှန်ရေးအင်အားစုများက စစ်ကောင်စီထံ ဒရုန်းများမအပ်ပဲ PDF များထံ လှူဒါန်းခြင်းဖြင့် တော်လှန်ရေးမှာ ပါဝင်ကူညီကြဖို့ အကြံပြုတိုက်တွန်းလိုက်ပါတယ်။
ဒရုန်းတစ်စီးလျှင် ကာလပေါက်စျေးအရ အနည်းဆုံး ကျပ် ၁၅ သိန်းဝန်းကျင်မှ ကျပ်သိန်း ၁၀၀ ကျော်အထိရှိနေပြီး ဒရုန်းပိုင်ရှင်များအနေနဲ့ စစ်ကောင်စီထံ မအပ်နှံပဲ PDF တပ်ဖွဲ့များထံ လှူဒါန်းခြင်း၊ ထက်ဝက်စျေးနှုန်းနဲ့ ရောင်းချခြင်းတို့ဖြင့် တော်လှန်ရေးအတွက်အားဖြည့်ကူညီနိုင်တယ်လို့ စစ်ကိုင်းတိုင်း၊ မြောင်မြို့အခြေစိုက် ဒရုန်းတပ်ဖွဲ့က ဆိုပါတယ်။
” ဒရုန်းပိုင်ရှင်တွေကို စစ်ကောင်စီက ဒရုန်းတွေလာအပ်ဖို့ ကြေငြာနေတယ်လို့ကြားရပါတယ်။ ပြောချင်တာက ဒရုန်းတွေ မအပ်ပဲ ကျွန်တော်တို့ PDF တွေဆီလာရောင်းပါ။ လာလှူပါ။ တော်လှန်ရေးပြီးတာနဲ့ ပိုင်ရှင်ထံပြန်ပေးသွားမှာပါ။ ဒရုန်းတစ်စီးကို အနည်းဆုံး ကျပ် ၁၅ သိန်းကနေ သိန်းရာဂဏန်းအထိရှိပါတယ်။ ဒရုန်းပိုင်ရှင်တွေအနေနဲ့လည်း စကစဆီမှာ သွားအပ်လိုက်ရင် နစ်နာမယ့်အတူတူ PDF တွေကိုလှူဒါန်းပြီးတော့ တော်လှန်ရေးအတွက် တစ်ထောင့်တနေရာကနေ ကူညီပေးကြဖို့ တိုက်တွန်းလိုပါတယ်” လို့ မြောင်မြို့နယ်အခြေစိုက် ဒရုန်းတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဒရုန်းနဲ့ တိုက်ခိုက်မှုမစ်ရှစ်များဆောင်ရွက်ရာမှာ လူအင်အားသက်သာခြင်း၊ ပစ်မှတ်အား တိတ်တဆိတ်တိုက်ခိုက်နိုင်ခြင်း၊ ထိခိုက်မှုနည်းခြင်း စတဲ့ ထိရောက်တဲ့အကျိုးကျေးဇူးများစွာရှိနေလို့ စစ်ကောင်စီဘက်က ဒရုန်းမြင်ရုံနဲ့ ထိတ်လန့်နေကြတယ်လို့ မြောင်မြို့နယ်အခြေစိုက် ဒရုန်းတပ်ဖွဲ့က ဆိုပါတယ်။
” စကစ က ဒရုန်းတွေကို အတော်ကြောက်နေပြီ။ ထိတွေ့တိုက်ပွဲတွေထက် ဒရုန်းနဲ့တိုက်ခိုက်တာမျိုးက သူတို့ဘက်ပိုပြီးထိခိုက်မှုရှိတယ်လို့ ယူဆထားပုံရတယ်။ ပိုဆိုးတာက အမေရိကန်က အယ်ခိုင်ဒါခေါင်းဆောင် ဒရုန်းနဲ့ ရှင်းလင်းလိုက်တယ်ဆိုပြီး ကြေငြာလိုက်တော့ သူတို့အတော်လေးလန့်သွားပုံရတယ်။ သူတို့မှာ ဖြတ်ချလို့ရတဲ့နည်းစနစ်တွေရှိပေမယ် သူတို့ရှိတဲ့နည်းစနစ်တွေက သိပ်အလုပ်မဖြစ်ဘူးလို့ပဲ သုံးသပ်ရမယ်ဗျ” လို့ ဧရာဝတီတိုင်းအခြေစိုက် IT နည်းပညာရှင်တစ်ဦးက သုံးသပ်ပြောဆိုပါတယ်။
ဧရာဝတီတိုင်းအတွင်းမှာတော့ စစ်ကောင်စီပစ်မှတ်နေရာတွေကို ဒရုန်းနဲ့တိုက်ခိုက်တဲ့ မစ်ရှင်တွေမရှိသေးပေမယ့် ဟင်္သာတမြို့မရဲစခန်းပေါ်မှာ ဇူလိုင်လ ၂၆ ရက်နေ့ညပိုင်းနဲ့ ၂၇ ရက်နေ့တွေမှာ ဒရုန်းတစ်စီးပျံသန်းခဲ့တာကြောင့် စစ်ကောင်စီတပ်သားတွေ ထိတ်လန့်ကာ သေနတ်နဲ့ လိုက်လံပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။