
ဓာတ်ပုံ - တန့်ဆည်ပြည်သူ့ရဲဘော်အဖွဲ့(TPC)
အောင်မြသန်း/ဧရာဝတီတိုင်းမ်
(စစ်ကိုင်း)၊ သြဂုတ်လ ၇ ရက်
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့တောင်ဘက်ရှိ စစ်ဆေးရေးဂိတ်အနီး ကင်လှည့်လာသည့် စစ်ကောင်စီ လက်အောက်ခံ ရဲကားတစ်စီးအား ယနေ့မနက် ၅ နာရီအချိန်က ရွှေဘိုခရိုင် တပ်ရင်း(၂၅)၊ တန့်ဆည်ပြည်သူ့ရဲဘော်အဖွဲ့ (TPC)တပ်နှင့် တန့်ဆည် မြို့နယ် ပကဖ ပူပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ရာ ရဲ ၇ ဦးသေဆုံးကာ G3 သေနတ် ၆ လက် သိမ်းဆည်းရရှိခဲ့ကြောင်း တန့်ဆည်ပြည်သူ့ရဲဘော်အဖွဲ့(TPC) က သတင်းထုတ်ပြန်ထားသည်။
” ကင်းလှည့်လာတဲ့ရဲကား ကိုကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေက စောင့်ပြီးတိုက်ခိုက်ခဲ့တာ။ ဒီမနက် ၅နာရီကျော်လောက်က စောင့်ပြီးပစ်ခတ််တိုက်ခိုက်ခဲ့တာ။ ကားပေါ်ပါလာတဲ့ ရဲ ၇ယောက်လုံး သေတယ်လေ။ သူတို့ဆီက G3 မောင်းပြန်သေနက် ၆လက်နဲ့ ကျည်အချို့ပါသိမ်းစည်း ရခဲ့တယ်” ဟု တန့်ဆည်မြို့နယ် ပကဖ အဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါ တိုက်ခိုက်မှုမှာ နာရီဝက်ကြာမြင့်ခဲ့ပြီး ရွှေဘိုခရိုင် တပ်ရင်း(၂၅)၊ တန့်ဆည်ပြည်သူ့ရဲဘော်အဖွဲ့ (TPC)တပ်နှင့် တန့်ဆည် မြို့နယ် ပကဖ ပူပေါင်းတပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
သြဂုတ်လ ၄ ရက်နေ့ကလည်း တန့်ဆည့်မြို့နယ်၊ ဗျက်ကြီးကျေးရွာသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီစစ်ကြောင်းနှင့် ဒေသခံ PDF များ ထိတွေ့တိုက်ပွဲဖြစ်ပွားကာ စစ်ကောာင်စီဘက်က ၁၀ ဦး သေဆုံးခဲ့ကြောင်း တန့်ဆည်မြို့နယ် ပကဖအဖွဲ့ထံမှ သိရသည်။