
ဧရာဝတီတိုင်းမ်
(တီးတိန်)၊ မေ ၂၇ ရက်
ချင်းပြည်နယ်၊ တီးတိန်မြို့နယ် မွာလ်ဘင်းကျေးရွာနှင့် Sialthawzang ကျေးရွာတွင် စစ်ကောင်စီမှ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်သည့်အတွက် အရပ်သား နှစ်ဦး သေဆုံးကာ လေးဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။
တီးတိန်မြို့နယ် မွှာလ်ဘင်းကျေးရွာတွင် ယမန်နေ့ မေလ ၂၆ ရက်နေ့ မနက်အစောပိုင်း ၂ နာရီဝန်းကျင်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာ တစ်စီးဖြင့်ဗုံးကြဲ တိုက်ခိုက်သွားပြီး စက်ကလေးငယ်နှင့်ပါ ပစ်ခတ်သည့်အတွက် အရပ်သား ထိခိုက် သေဆုံးကာ ဘုရားကျောင်းနှင့် နေအိမ်အများပြား ပျက်စီးသွားခြင်းဖြစ်သည်။
“မနေ့ မနက်က ရွာသားတွေ အိမ်မောကျနေချိန် လေယာဥ် တစ်စီးနဲ့ ဗုံးကြဲသွားပြီး သေနတ်နဲ့ပါ မိနစ် ၃၀ လောက် ပစ်သွားပါတယ်။ ရွာသား နှစ်ယောက် ပွဲချင်းပြီး သေဆုံးပြီးတော့ တစ်ယောက်က ပြင်းထန်ဒဏ်ရာရတယ်။ ကျွန်တော်တို့ ရွာဘက်မှာတော့ တိုက်ပွဲမရှိဘူး။ စစ်သားတွေလည်း မရှိဘူး။ ဘာကြောင့်လေကြောင်းတိုက်ခိုက်သွားတာလဲ မသိဘူး။”ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အသက် (၄၀) နှစ်အရွယ် ဦးကျင့်ဇကမ်းနှင့် ၎င်း၏ သားဖြစ်သူသည် နေအိမ်တွင် ပွဲချင်းပြီး သေဆုံးသွားပြီး နောက်ထပ် ဒေသခံ အမျိုးသား တစ်ဦးသည်လည်း ပြင်းထန် ဒဏ်ရာရရှိပြီး ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။
ထို့အပြင် မွှာလ်ဘင်းကျေးရွာရှိ ခရစ်ယာန် ဘုရားရှိးခိုးကျောင်းနှင့် နေအိမ် တစ်လုံးမီးလောင်ပြာကျသွားပြီး နေအိမ်အချို့ ပျက်စီးသွားကြောင်း သိရသည်။
အလားတူ ယမန်နေ့ မေလ ၂၆ ရက်နေ့ မနက် ၁၁ နာရီ ဝန်းကျင်းတွင်လည်း စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အစပ် ချင်းပြည်နယ် တိီးတိန်မြို့နယ်ထဲမှ Sialthawzang ကျေးရွာကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု ထပ်မံ ပြုလုပ်သွားကြောင်း ဒေသခံများထံက သိရှိရသည်။
အဆိုပါ လေကြောင်း တိုက်ခိုက်မှုကြောင့်အရပ်သား သုံးဦး ထိခိုက်ဒဏ်ရာရရှိပြီး လူနေအိမ်အချို့ ပျက်စီးသွားကြောင်း သိရသည်။
ထို့အပြင် တီးတိန်မြို့တွင် ယမန်နေ့ မေလ ၂၆ ရက်နေ့ ည ၁၀ နာရီဝန်းကျင်တွင် ပစ်ခတ်သံများ အဆက်မပြတ် ကြားနေရပြီး ယနေ့ မေလ ၂၇ ရက်နေ့ မနက် ၈ နာရီတွင် စစ်ကောင်စီမှ လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
“မနေ့ ညနေက တီးတိန်မှာ တိုက်ပွဲဖြစ်တယ်။ ဒီနေ့ မနက်မှာ ရဟတ်ယာဥ် တစ်စီးလာပြီး လေကြောင်း တိုက်ခိုက်သွားတယ်။ မြို့ထဲက ဒေသခံ ထက်ဝက်လောက်က တိုက်ပွဲ ထပ်ဖြစ်မှာ ကြောက်လို့ ထွက်ပြေးကြပြီ။”ဟု တီးတိန်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
တီးတိန်းမြို့တွင် တိုက်ပွဲမဖြစ်ရေး မေလ ၂၅ ရက်နေ့တွင် ဒေသခံများစုဝေးပြီး မြို့လယ်ရှိ နာရီစင်ရှေ့တွင် ဘုရားဝတ်ပြု ဆုတောင်းပွဲပြုလုပ်ခဲ့ကြသည်။
#ချင်းပြည် #တီးတိန် #လေကြောင်းတိုက်ခိုက်မှု #အရပ်သားနှစ်ဦးသေဆုံး #စစ်ကောင်စီ #Ayeyarwaddy_Times