
ဧရာဝတီတိုင်းမ်
မေ ၂၅ ရက်
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့တွင် အသက်ပြည့်ပြီးဖြစ်သည့် လူငယ်များ၏နေအိမ်ရှေ့တွင် စစ်မှုထမ်းစာရင်းပေးသွင်းကြရန်နှင့် ပျက်ကွက်ပါက အရေးယူခံရနိုင်သည် ဆိုသည့် စာများလိုက်လံကပ်နေကြောင်း ဒေသခံများထံကသိရသည်။
အဆိုပါ စာရွက်များကို လိုက်လံကပ်နေသည့်
စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးမှာ ဦးခင်ဝင်းဖြစ်ပြီး ငရုတ်ကောင်းမြို့ အမှတ် ၁ ရပ်ကွက်တွင် နေထိုင်ကြောင်း ဒေသခံများကပြောသည်။
“စာရင်းသွင်းတာနောက်ကျရင် ပျက်ကွက်ရင် အရေးယူမည့်စာတွေ လိုက်ကပ်နေတာ၊ တစ်ခြားရပ်ကွက်တွေမှာ ဘာသံမှမကြားရဘူး။ အမှတ် ၁ ရပ်ကွက် အုပ်ကြီးကတော့ စစ်တပ်ကိုအားတက်သရော အလုပ်လုပ်ပေးနေတာ”ဟု အမှတ် ၁ ရပ်ကွက်ရှိ ဒေသခံတစ်ဦးက ဧရာဝတီတ်ိုင်းမ်ကိုပြောသည်။
ပြီးခဲ့သည့် အပတ်စဥ် ၁ စစ်မှုထမ်းစာရင်းများဖြည့်သွင်းစဉ်ကလည်း မှတ်ပုံတင်နှင့်တကွ စစ်မှုထမ်းစာရင်းလာရောက်မသွင်သူများ၏ နေအ်ိမ်များရှေ့တွင် ယခုကဲ့သို့ အရေးယူမည်စာသားများလိုက်လံကပ်ခဲ့သော်လည်း ရပ်ကွက်ရှိလူငယ်အများစုမှာ အုပ်ချုပ်ရေးမှူးရုံးထံ စာရင်းပေးသွင်းခြင်းမပြုလုပ်ကြောင်း ဒေသခံများကဆိုသည်။
ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အများစုတွင်လည်း စစ်မှုထမ်းအကြောင်းပြကာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများကို ခြိမ်းခြောက်ကာ ငွေတောင်းယူမှုများနှင့် စစ်မှုထမ်းဆန့်ကျင်သူများကိုပါ ဖမ်းဆီးချုပ်နှောင်မှုများပြုလုပ်နေကြောင်းသိရသည်။
ပြီးခဲ့သည့် မေလ ၁၇ ရက်နေ့ ညဦးပိုင်းကဟင်္သာတမြို့နယ်၊ ကျောင်းကွင်းကျေးရွာနှင့် ပိတောက်ကုန်းကျေးရွာတို့မှ စစ်မှုမထမ်းလိုသည့်လူငယ်ငါးဦးကိုလည်း နေအိမ်များအတွင်းသို့ဝင်ရောက်ကာ စစ်ကောင်စီတပ်နှင့် အုပ်ချုပ်ရေးမှူးအဖွဲ့က ရိုက်နှက်ဖမ်းဆီးသွားခဲ့သည်။
ထို့ပြင် မြန်မာပြည်ဒေသအနှံ့အပြား စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများ၏ သားသမီးများက်ို အပတ်စဥ် ၁၊ အပတ်စဥ်၂ တို့တွင် စစ်မှုထမ်းဆောင်ရန်ချန်လှပ်ထားပြီး ၎င်းတို့နှင့် အဆင်မပြေသူများကိုသာ စစ်မှုထမ်းဆောင်ရန် စာရင်းများထည့်ပေးနေကြောင်း စုံစမ်းသိရှိရသည်။
ယခုအပတ်စဉ် (၂) အတွက် စစ်သင်တန်းတက်ရောက်ရန် စစ်သားသစ်ခေါ်ယူရာတွင် ယခင်နည်းအတိုင်း စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး များက အနိုင်ကျင့် ခြိမ်းခြောက်မှုများပြုလုပ်၍ လက်ရှိအချိန်ထိ စစ်မှုထမ်းဖောင်များ ဖြည့်ခိုင်လျှက်ရှိကြောင်းသိရသည်။
#ငရုတ်ကောင်းမြို့ #၁၈နှစ်ပြည့်သူ #လူငယ်များ၏နေအိမ်ရှေ့ #စစ်မှုထမ်းစာရင်းပေးသွင်း#စာများလိုက်ကပ် ##Ayeyarwaddy_Times