ဧရာဝတီတိုင်းမ်
သြဂုတ်လ ၇ ရက်

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ အင်ပင်မြို့တိုက်နယ်၊ ကညင်ငူကျေးရွာနေ စစ်ကောင်စီသတင်းဟုဆိုသူ အမျိုး သမီး ၁ ဦး သြဂုတ်လ ၆ ရက် မနေ့ ညနေ ၆ နာရီ မိနစ် ၄၀ ဝန်းကျင်မှာ သေနတ်နဲ့ ပစ် ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ပစ်ခတ်ခံရတဲ့သူဟာ ကညင်ငူရွာမှာ ကွမ်းယာဆိုင်ဖွင့်လှစ်ပြီး သူ့ရဲ့ကွမ်းယာဆိုင်မှာ နေ့စဥ်လူဖမ်းဆီးဖို့ အမြဲပြောဆိုနေတဲ့ ဒေါ်သန္တာဆိုသူဖြစ်ပြီး လင်မယား ၂ ဦးမှာ ဇနီးဖြစ်သူပစ်သတ်ခံခဲ့ရတာလို့ဒေသခံတွေကပြောပါတယ်။

” လင်ရောမယားရော ဒလန်တွေ လမ်းတာဆုံမှာ ကွမ်းယာရောင်းတယ်။ ကြံ့ခိုင်ရေးကအဖွဲ့တွေ အုပ် စုဖွဲ့ထိုင်ကြတယ်။ ပီးရင် ဟိုလူမဖမ်းဘူးလား ဒီလူမဖမ်းဘူး ဝိုင်းဖွဲ့ပီးအမြဲပြောကြတယ်။ စစ်တပ်အရှိန်နဲ့ မောက်မာတယ်၊ လူအတော်များများနဲ့လဲ သိပ်မတည့်ဘူး ပစ်ခတ်ခံရတဲ့အချိန်မှာ သူ့ယောက်ကျားမရှိဘူး။ ရှိရင်နှစ်ယောက်လုံး အပစ်ခံရနိုင်တယ် ” လို့ ကညင်ငူ ဒေသခံအမျိုးသမီးတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ အမျိုးသမီး ဒေါ်သန္တာမှာ နဖူး ၂ ချက် ဝမ်းဗိုက် ၁ ချက် စုစုပေါင်း သေနတ် ဒဏ်ရာ ၃ ချက်နဲ့ အင်ပင်မြို့တိုက်နယ် ဆေးရုံမရောက်မှီ လမ်းမှာပဲ သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။

သူတို့သတင်းပေး လုပ်ဆောင်ချက်ကြောင့် စစ်ကောင်စီတပ်တွေကဒေသခံပြည်သူတွေကို ရှာဖွေစစ်ဆေး ဖမ်း ဆီးတာတွေပြုလုပ်နေပြီး မကြာခဏဖမ်းဆီးခံရမှုတွေရှိတယ်လို့ ဒေသခံတွေကပြောဆိုပါတယ်။

အဲ့ဒီ ပစ်ခတ်မှုကို နဂါးနီတော်လှန်ရေးတပ်ဖွဲ့နှင့် ရိုးမဧရာဝတီ PDF တို့ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ယနေ့ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။