မြရာ၊ နိုရာ/ဧရာ၀တီတိုင်းမ်
မေ ၂၁ ရက်
လေးဆယ် ဒီဂရီ စင်တီဂရိတ်အထိ ခြစ်ခြစ်လောင်အောင်ပူနေတဲ့ လေတွေ အမေရီ ရဲ့ မျက်နှာနဲ့ ဆံပင်တွေကို ဖြတ်တိုက်သွားတာတောင် အမေရီတစ်ယောက် အဲဒီ့ အပူကို ခံစားမိပုံ မရပါဘူး။
စီးကျလာတဲ့ အမေရီ ရဲ့ မျက်ရည်တချို့ဟာလည်း သုတ်ပစ်စရာမလိုပဲ နေပူ၊ လေပူမှာ ခဏတွင်းချင်းပဲ ခြောက်သွေ့သွားကြပါတယ်။ အမေဟာ ပြန်မလာနိုင်တော့တဲ့သူ့ရဲ့ သားငယ်ကို မျှော်နေရှာတာပါ။
အသက် (၁၉) နှစ်သာရှိသေးတဲ့ အမေရီရဲ့ သားငယ်လေးဟာ စစ်ကိုင်းတိုင်းရဲ့ ရှေ့တန်းတစ်နေရာမှာ တော်လှန်ရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့ပါတယ်။
“အမေလေဘာမှ မတောင်းဆိုချင်ပါဘူး။ တစ်ခုပဲ အမေ့သားသေသွားတယ်ဆိုရင် အမေ့သားရဲ့ ဓာတ်ပုံလေး တစ်ပုံပဲ ပို့ပေးကြပါ။ အမေ့သား ဘယ်နေရာမှာ သေသွားတာလည်း အမေသိချင်ပါတယ်။ အမေ့သားပုံလေး မရမချင်းတော့ အမေ့သား သေတာ အမေမယုံဘူး” လို့ အမေရီက ပြောပါတယ်။
၂၀၂၃ ခုနှစ်ရဲ့ လလယ်ပိုင်းလောက်မှာ အမေရီ့ဆီကို သူ မသိတဲ့ ဖုန်းနံပါတ် အစိမ်းတစ်ခု ဝင်လာပါတယ်။
“အမေရီလား၊ အမေ့သားတိုက်ပွဲမှာ မြင့်မြတ်စွာ အသက်ပေးလှူရင်းကျဆုံး သွားပါ တယ်တဲ့။ အမေဘာမှပြန်မပြောနိုင်ခဲ့ဘူး။ အမေမယုံဘူး အမေ့သား ဓာတ်ပုံလေး ပြပါဆိုတော့ အမေ့သားရဲ့ အလောင်းကို သယ်ယူလို့မရနိုင်တာ ခွင့်လွှတ်ပါတဲ့။ အမေဘယ်လိုခံစားခဲ့ရတယ်ထင်သလဲဟင်။ ရင်ကို ဓားမနဲ့ ခြမ်းချလိုက်သလိုပဲ” လို့ အမေရီက ပြောရင်း ငိုရှိုက်ပါတယ်။
အမေရီဟာ သားငယ်ထွက်သွားကတည်းက တစ်နေ့ သူ့သားငယ်လေး ဆက်သွယ်လာ လိမ့်မယ်ဆိုတဲ့ စိတ်နဲ့ ဖုန်းခေါ်သံတွေကို ရင်ပူစွာ စောင့်မျှော်နေခဲ့သူပါ။
အမေရီတစ်ယောက် သတိရတိုင်း အဲဒီ့နေ့က ဝင်လာတဲ့ ဖုန်းကို ဆက်သွယ်နေတတ်ပေမယ့် “ဆက်သွယ်၍မရနိုင်ပါနဲ့ စက်ပိတ်ထားပါတယ်” ဆိုတဲ့ အဖြေကိုသာ ရရှိခဲ့ပါတယ်။
ရှားပါးစွာ ဖုန်းဝင်ခဲ့ရင် “အမေ သားတို့တောင်းပန်ပါတယ်။ သူ့ကို သားတို့ ပြန်မသယ် နိုင်ခဲ့ပါဘူး ခွင့်လွှတ်ပါအမေ” လို့ ဝမ်းနည်းစွာ ပြန်ဖြေတတ်တဲ့ အဖြေစကားလေးတွေ ကိုသာ အမေရီလက်ခံရရှိစမြဲပါ။
၂၀၂၁ ဖေဖော်ဝါရီ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံတွင်းမှာရှိတဲ့ လူငယ် လူရွယ်တွေဟာ သူတို့ရဲ့ မိဘအရိပ် နေအိမ်တွေကနေစွန့်ခွာခဲ့ကြပါတယ်။
သူတို့ဟာ တော်လှန်ရေး တပ်ဖွဲ့တွေ၊ တိုင်းရင်းသားတပ်ဖွဲ့တွေမှာ စစ်သင်တန်းတက် ရောက်ပြီး အာဏာရှင်ကိုတော်လှန်ဖို့အတွက် ခေတ်ရဲ့ဝန် ကို ထမ်းခဲ့ကြပါတယ်။
စစ်တပ် အာဏာသိမ်းပြီးနောက်မှာ တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသား ၅၀ ရာခိုင်နှုန်းဟာ ပညာရေးကို စွန့်ပြီး CDMလုပ်ခဲ့ကြတယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။
အဲ့ဒီ့ထဲက တချို့ဟာ လက်နက်ကိုင်တော်လှန်ဖို့ ဆုံးဖြတ်ခဲ့ကြပြီး စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ တိုင်းရင်းသား လက်နက် ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေရှိရာဆီကို ခိုလှုံပြီး စစ်ပညာသင်ယူခဲ့ကြပါတယ်။ အာဏာသိမ်း စစ်ကောင်စီကို တော်လှန်ခဲ့ကြပါတယ်။
အဲဒီ့အထဲမှာမှ အသက် (၁၉) နှစ်သာရှိသေးတဲ့ အမေရီရဲ့ တစ်ဦးတည်းသောသားငယ်ဟာ စစ်ကိုင်းတိုင်းထဲက တော်လှန်ရေးတပ်ဖွဲ့တစ်ခုထံဝင်ရောက်သွားပြီး ရှေ့တန်းစစ် မြေပြင်မှာ ကျဆုံးသွားခဲ့တာပဲဖြစ်ပါတယ်။
“အမေကတော့ အမေ့သားဓာတ်ပုံလေးကိုတောင်းနေဦးမှာပဲ။ အမေ့သားတကယ် သေသွားတယ်ဆိုလည်း ကောင်းပါတယ်။ တစ်ဖက်ကဖမ်းမိသွားပြီး လူရုပ်မပေါ်အောင်၊ လူစဉ်မမှီအောင် နှိပ်စက်၊ ခုတ်ထစ်၊ ဖြတ်တောက်နေမှာကို အမေတွေးလေ စိတ်မချမ်း မြေ့လေပဲ” လို့ အမေရီက ဆိုပါတယ်။
စစ်ကိုင်းတိုင်းဟာ တော်လှန်ရေးတပ်ဖွဲ့တွေ အားကောင်းပြီး နေရာအနှံမှာ စစ်ကောင်စီကို ပုံစံမျိုးစုံနဲ့ ဆန့်ကျင်တော်လှန်နေတဲ့ ဒေသဖြစ်ပါတယ်။
စစ်ကောင်စီကလည်း စစ်ကူအင်အားတောက်လျှောက်ပို့ပြီး စစ်ကိုင်းတိုင်းအတွင်းမှာရှိတဲ့ မြို့ရွာတွေကို စစ်ကြောင်းထိုးတာ၊ ရွာစဉ်တလျှောက် မီးရှို့ဖျက်ဆီးတာတွေ၊ ဒေသခံပြည်သူတွေကို ဖမ်းဆီးပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်တာတွေ လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။
“အမေ့သားလေးက စစ်ကိုင်းမှာဆိုပေမယ့် အခြားနေရာတွေလည်း သွားတိုက်ချင် တိုက်ရမှာဆိုပြီး အခြားနေရာတွေက ကလေးတွေ(PDF) သေတယ်ဆိုတဲ့ ဓာတ်ပုံတွေလည်း အမေလိုက်ကြည့်တာပဲ။ မြောက်ခင်ရန်းက ကလေးနှစ်ယောက် မီးရှို့သတ်ခံရတာကြည့်ပြီး အမေ့သားလေးသာဆိုရင် ဆိုပြီး အမေဖြေ မဆည်နိုင်ပါဘူး”ဟု အမေရီကပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ၂၀၂၃ နိုဝင်ဘာအတွင်းက မကွေးတိုင်းအတွင်းမှာရှိတဲ့ မြောက်ခင်ရန်းရွာက ပျူစောထီး တွေဟာ ယောကာကွယ်ရေးတပ်ဖွဲ့မှ တော်လှန်ရေးတပ်ဖွဲ့ဝင်နှစ်ဦးကို ဖမ်းဆီး၊ နှပ်စက် သံကြိုးတုတ် မြေပြင်မှာ တရွတ်တိုက်ဆွဲခေါ်လာပြီး သစ်ပင်မှာ ဇောက်ထိုးတွဲလောင်းချ မီးပုံဖိုပြီး မီးရှို့သတ်ဖြတ်ကြပါတယ်။
၂၀၂၃ ဇွန် ၂၈ ရက်မှာလည်း စစ်ကိုင်းတိုင်း စဉ့်ကိုင်နှင့် တလိုင်းဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ရာမှာ စောင့်နေတဲ့ စစ်ကောင်စီကင်းပုန်းနဲ့ ညှပ်တိုက်ခံရတာကြောင့် တော်လှန်ရေးရဲဘော် ၁၄ ဦးလုံးကျဆုံးပြီး အလောင်းတစ်ခုမျှ အကောင်းပကတိပြန်လည် ရရှိခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။
အောက်တိုဘာလအတွင်းမှာပဲ စစ်ကိုင်းတိုင်းအတွင်းက မြို့နယ် သုံးခုမှာ ၁၀ ရက်အတွင်း စခန်းတွေစီးနင်းခံရလို့ တော်လှန်ရေးရဲဘော် ၄၀ နီးပါးသေဆုံးတာ တွေရှိခဲ့ပါတယ်။
တိုက်ပွဲအခြေအနေနဲ့ နေရာ အနေအထားတွေကြောင့် တော်လှန်ရေး ရဲဘော်တချို့ရဲ့ အလောင်းတွေကို ပြန်မသယ်နိုင်ဘဲ ရှေ့တန်းစစ်မျက်နှာပြင်မှာ အလျင်အမြန် သင်္ဂြိုဟ်ခဲ့ရတာတွေရှိသလို သင်္ဂြိုဟ်တာတွေ မပြုလုပ်နိုင်ဘဲ ဝမ်းနည်း စိတ်မကောင်းစွာ ထားပစ်ခဲ့ရတာတွေလည်းရှိတယ်လို့ သိရပါတယ်။
“စစ်ကောင်စီက ဖြစ်သလိုထားပစ်ခဲ့တဲ့ သူတို့တပ်ဖွဲ့ဝင်တွေရဲ့ အလောင်းတွေကိုတောင် ကျွန်တော်တို့ သေချာ မီးရှို့သင်္ဂြိုဟ်တာတွေ၊ မြေမြှုပ်ပေးတာတွေလုပ်ခဲ့ပေးသေးတာ။ ကျွန်တော်တို့ရဲဘော်တွေရဲ့ dead body (အလောင်း) တွေကို အခြေအနေမပေးလို့ ပစ်ထားခဲ့ရရင် တကယ် နာကျင်ရပါတယ်” လို့ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်ရေး ရဲဘော်တစ်ဦးက ဆိုပါတယ်။
ကျဆုံးတော်လှန်ရေး ရဲဘော်တွေရဲ့ အလောင်းကို ပြန်ရလို့ လုံခြုံရေး အခြေအနေ ပေးပါက မိသားစုခေါ်ပြီး သင်္ဂြိုဟ်ခွင့်ရတဲ့ ရဲဘော်တွေရဲ့ အကြောင်းကို အမေရီ ပြန်သိရတဲ့အခါ သူ့သားမသေဘူးလို့ အမေရီက တထစ်ချစွဲမှတ် ယုံကြည်ထားပါတယ်။
“အမေ့သားက အမေ့ကို သိပ်ချစ်တာ။ သူသာသေခဲ့မယ်ဆို အမေ့ဆီ ဖြစ်တဲ့နည်းနဲ့ ပြန်လာပြီး အရိပ် အရောင်ပြမှာပဲ။ အနံ့လေးရမလား။ တံခါးလာခေါက်မလား။ အိုးခွက်တွေကို အသံထွက်အောင်လုပ်လေမလား။ နည်းမျိုးစုံနဲ့ အမေမျှော်ပါတယ်။ သားကရောက်မလာခဲ့ဘူး။ ဒီလိုဆိုတော့ အမေ့သားလေး အမေ့ဆီ အရှင်လတ်လတ် ပြန်လာနိုင်သေးတယ် မဟုတ်လားဟင်” လို့ အမေရီက သူရဲ့ မျှော်လင့်ချက်တွေကို ပြောပြပါတယ်။
တော်လှန်ရေး တပ်ဖွဲ့ဝင်တွေဟာ သူတို့ရဲ့စခန်းတွေကို စစ်ကောင်စီတပ်က စီးနင်းလို့ ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေကို စစ်ကောင်စီတွေစခန်းက ထွက်အသွားမှာ ရဲဘော်တွေရဲ့ အလောင်းတွေကို သွားရောက် ယူဆောင်ဖို့ ကြိုးစားကြပေမယ် လက်လျှော့ခဲ့ရတဲ့ အရေအတွက်က ပိုများပါတယ်။
တော်လှန်ရေးရဲဘော်တွေ ပြန်လာမှာကို သိတဲ့ စစ်ကောင်စီတပ်ဟာ သူတို့သတ်ဖြတ် ထားခဲ့တဲ့ တော်လှန် ရေးရဲဘော်တွေရဲ့ အလောင်းတွေအောက်မှာ မိုင်းတွေထောင် ထားခဲ့တာ၊ ပြန်လာနိုင်မယ့် အချိန်ကို စောင့်ပြီး တိုက်ခိုက်တာတွေ လုပ်တတ်ကြပါတယ်။
အမေရီလို အမေအိုတစ်ယောက်ကို ရက်ရက်စက်စက် ဥပေက္ခာမပြုရက်တဲ့ ဖြစ်ရပ်မျိုးကြုံရတဲ့ ရဲဘော်တွေဟာ ဖုန်းသံမြည်တာကိုတောင် ထိတ်လန့်ရကြပါတယ်။
အမေနဲ့သား နှစ်ယောက်တည်းရှိတဲ့ အိမ်ငယ်လေးမှာ အခုတော့ သားပြန်အလာကို ရောင်တိရောင်ချာမျှော်နေတဲ့ အမေရီတစ်ယောက်တည်းသာ ရှိပါတော့တယ်။
“သားသေတယ်ဆိုပြီး အလောင်းလည်း မတွေ့ရ။ သင်္ဂြိုဟ်တာလည်းမလုပ်နိုင်။ ရက်လည် လည်း အမေ မလုပ်ရက်ဘူး။ နောက်ဆုံးအိမ်ကထွက်တာတောင် သူငယ်ချင်းနဲ့ သွားအိပ်မလို့ဆိုပြီး မအေကို ဦးသုံးကြိမ်ချ ကန်တော့ပြီး ထွက်သွားခဲ့တာ နောက်ဆုံးပါကွယ်” အမေရီက ပြောပါတယ်။
အမေရီတစ်ယောက်ကတော့ အဲဒီ့ဖုန်းနံပါတ်လေးတစ်ခုကို နှိပ်ပြီး သူ့သားငယ်ရဲ့ ဓာတ်ပုံလေးကိုသာ ပို့ပေးဖို့ တောင်းဆိုနေဆဲ ဖြစ်ပါတယ်။
အမေရီဟာ သားဖြစ်သူအိမ်က ထွက်မသွားခင်မှာ နောက်ဆုံးပြောခဲ့တဲ့ စကားတစ်ခွန်းရှိ ပါတယ်။
“အမေ့သားလေး သွားလမ်းသာလို့ လာလမ်းဖြောင့်ပါစေ။ လူယုတ်မာဘေးက ကင်းပါစေ”
#အမေ့သားရဲ့ဓာတ်ပုံပဲပြပေးပါ #အမျိုးသမီးကဏ္ဍဆောင်းပါး #Ayeyarwaddy_Times
(မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းမှုကြောင့် လက်ရှိအမျိုးသမီးများ ရင်ဆိုင်နေရသည့် အခက်အခဲ၊ စိန်ခေါ်မှုနှင့် ကျော်ဖြတ်ခဲ့ရသည့်အခြေအနေများအပြင် အမျိုးသမီးများဦးဆောင်၍ လုပ်ဆောင်နေသည့် အကြောင်းအရာများကို “အမျိုးသမီးကဏ္ဍ” အနေဖြင့် အပတ်စဉ် အင်္ဂါနေတိုင်း တင်ဆက်ပေးနိုင်ရန် ကြိုးစားသွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်း ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အသိပေးအပ်ပါသည်။)