
ဧရာဝတီတိုင်းမ်
မေ ၂၁ ရက်
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ ရွှေညောင်ပင် ခလရ- ၃၂၁ ကို စစ်ကောင်စီတပ်များအပြင်း အထန်ကာကွယ်နေသည့်ကြားမှ ကချင်လွတ်လပ် ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်လိုက်ကြောင်း သိရသည်။
စစ်ကောင်စီက လေကြောင်းမှ ပစ်ခတ်ဗုံးကြဲနေသည့်ကြားမှရွှေညောင်ပင် ခလရ -၃၂၁ တပ်ရင်းစခန်းကို ယနေ့ မေ ၂၁ရက် ည ၈နာရီ ၃၀မိနစ်တွင် KIA နှင့် ပူးပေါင်းတပ်ဖွဲ့က သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။
“စခန်းကို သိမ်းနိုင်ပြီ။ စစ်ကောင်စီဘက်က သေဆုံးတာတွေရှိသလို လက်လွတ်ထွက်ပြေးသွားကြတာတွေလည်း ရှိပါတယ်” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
တိုက်ပွဲဖြစ်ပွားစဥ်နှင့် စခန်းကိုတိုက်ခိုက်သိမ်းယူအပြီးတွင် စစ်ကောင်စီ၏ နမ့်ပေါင်လေတပ်စခန်းနှင့် တံတားဦး လေတပ်စခန်းတို့က လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
ထို့ပြင် စစ်ကောင်စီ၏ ခလရ- ၅၈ မှနေ၍လည်း လက်နက်ကြီးများဖြင့်တောက်လျှောက် ပစ်ကူပေးခဲ့ကြောင်း သိရသည်။
ယမန်နေ့ မေ ၂၀ရက်နေ့က စစ်ကောင်စီ၏ ရွှေညောင်ပင် ခလရ-၃၂၁ သည် အနီးနားကျေးရွာများသို့ ဝင်ရောက်၍ လူနေအိမ်များထဲထိ ပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး လေကြောင်းမှ ဗုံးအလုံးပေါင်းများစွာကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ရွှေညောင်ပင် ခလရ -၃၂၁ ကို ပြီးခဲ့သည့် မေ ၁၈ရက်နေ့မှစတင်၍ KIAနှင့်ပူးပေါင်းတပ်များက စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယနေ့ မေ၂၁ ရက် လေးရက်မြောက်နေ့တွင် စခန်းကို သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
#ဝိုင်းမော် #စစ်ကောင်စီ #ရွှေညောင်ပင်ခလရ၃၂၁ #KIA #တိုက်ခိုက်သိမ်းပိုက် #Ayeyarwaddy_Times