
ဧရာဝတီတိုင်းမ်
မေ ၂၁ ရက်
စစ်ကောင်စီအာဏာသိမ်းထားသည့် ကာလအတွင်း စီးပွားရေးလုပ်ငန်းများလည်ပတ်မှု ကျပ်တည်းလာပြီး ကုန်ကြမ်းအခက်အခဲများကြောင့် တိရစ္ဆာန်အစာနှင့်ကြက်သားပေါက် ထုတ်လုပ်ခြင်းကို CJ Feed Myanmar က ယာယီ ရပ်နားမည်ဖြစ်ပြီး ပြည်တွင်း ဈေးကွက်တွင်း ကြက်သားနှင့်ကြက်ဥဈေးမြင့်တက်လျက်ရှိကြောင်းသိရသည်။
ကိုရီးယားနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဖြစ်သော CJ Feed Myanmar သည် လက်ရှိတွင် ယခင်ကထက် လုပ်ငန်းလည်ပတ်မှုကျဆင်းလာ၍ မေလ ၂၈ ရက်နေ့တွင် တိရစ္ဆာန်အစာနှင့် ကြက်သားပေါက်များ ထုတ်လုပ်ရောင်းချမှုကို ခေတ္တရပ်နားမည် ဖြစ်ကြောင်း ကုမ္ပဏီက တရားဝင်ထုတ်ပြန်သည်။
အဆိုပါတိရစ္ဆာန်နှင့် ကြက်သားပေါက် ကုမ္ပဏီအတွက် လိုအပ်သော ကုန်ကြမ်း ရရှိမှုခက်ခဲခြင်း၊ ကုန်ကြမ်းကုန်ကျ စရိတ်များတိုးမြှင့်လာခြင်းနှင့် အရောင်းအဝယ်များ လုပ်ငန်းများ ခက်ခဲလာမှုအပါအဝင်လုပ်သားအင်အား မလုံလောက်မှုများဖြစ်ပေါ် နေကြောင်း သိရသည်။
လက်ရှိတွင် ကြက်သားဈေးနှုန်းနှင့် ကြက်ဥဈေးများမြင့်တက်လျက်ရှိကာ ကြက်သား တစ်ပိဿာလျှင် ကျပ် ၁၃၀၀၀ မှ ၁၈၀၀၀ ကြားရောင်းချနေကြောင်း၊ ကြက်ဥ တစ်လုံးလျှင် ကျပ် ၃၁၀ မှ ၄၀၀ အထိအလုံး အကြီး အသေးပေါ်မူတည်ပြီး ဈေးနှုန်းကွာခြားချက်ရှိကြောင်း ရန်ကုန်မြို့ခံများထံက သိရသည်။
“ ကြက်သားဈေးတက်နေတာကြာပြီ။ ဒီလ မေ အစလောက်ကတည်းက တက်နေတာ။ ကြက်ဥလည်းဈေး တက်နေတာကြာပြီ။ အခုကထပ်တက်လာတာပေါ့။ အခုလို ကုမ္ပဏီ တွေထွက်ရင်တော့ ကြက်သားတွေ ပိုဈေးတက်တော့မယ်ထင်တယ်။ အကုန်တက် နေတော့တာပဲ” ရန်ကုန်မြို့ခံ အိမ်ရှင်မတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် မွေးမြူရေးလုပ်ငန်းနှင့်ပတ်သတ်ပြီး ထုတ်လုပ်မှုစရိတ်လျှော့ချရန် အတွက် နိုင်ငံတော်ပိုင် အစာစပ်စက်ရုံများ တည်ဆောက်ပြီး အစာထုတ်လုပ်လုပ်ပါက အစာဈေးနှုန်းကျစရိတ်သည် ပြင်ပပေါက်ဈေးထက် ၂၀ ရာခိုင်နှုန်းခန့် သက်သာမည် ဖြစ်ကြောင်း ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မေ ၁၃ ရက်နေ့တွင် ပြောကြားထားသည်။
“ကိုယ်တိုင်ထုတ်လုပ်နိုင်တဲ့အတွက် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေအပေါ် မှီခိုစရာမလိုတဲ့အပြင် ဥတစ်လုံးချင်း ထုတ်လုပ်တဲ့ ကုန်ကျစရိတ်သက်သာနိုင်တယ်။ ပြင်ပပေါက်ဈေးထက် သက်သာတဲ့ဈေးနဲ့ရောင်းချဖြန့်ဖြူးနိုင်တယ်” ဟု ဒုစစ်ခေါင်းဆောင်က ဆိုထားသည်။
လက်ရှိအသားစားကြက်၊ ဥစာကြက်ထုတ်လုပ်မှုတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံကုမ္ပဏီက ၇၆ ရာခိုင်နှုန်းထုတ်လုပ်ပြီး မြန်မာနိုင်ငံသားလုပ်ငန်းရှင်က ၂၄ ရာခိုင်နှုန်းထုတ်လုပ်ကြောင်း မြန်မာနိုင်ငံမွေးမြူရေးအဖွဲ့ချုပ်စာရင်းများ အရသိရသည်။
နိုင်ငံခြားရင်းနှီးမြှပ်နှံမှုကုမ္ပဏီ CJ Feed Myanmar သည် ကြက်သားဖောက်ခြင်းနှင့် ကြက်သားပေါက်ရောင်းချခြင်းလုပ်ငန်းကို ၂၀၁၈ ခုနစ်တွင်စတင်ခဲ့သည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#CJFeedmyanmar #နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု #ကိုရီးယား #ကြက်သားဖောက်ကုမ္ပဏီ #ယာယီရပ်နား #Ayeyarwaddy_Times