
ဧရာဝတီတိုင်းမ်
(လွိုင်ကော်)၊ မေ ၂၁ ရက်
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လွိုင်ကော်ထောင်အတွင်းတွင် စစ်ကောင်စီက ရိက္ခာလုံလောက်စွာပေးခြင်းမရှိဘဲသည့်အတွက် ထောင်တွင်းရှိ နိုင်ငံရေးအကျဉ်း သားများအပါအဝင် အကျဉ်းသားများမှာ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ ကြုံတွေ့နေရကြောင်း သိရသည်။
စစ်ကောင်စီသည် လွိုင်ကော်ထောင်အတွင်းတွင် ထောင်ဝင်စာပိတ်ပင်ထားသည်မှာ ၆ လကျော်ကြာမြင့်နေပြီဖြစ်ကာ သတ်မှတ်ထားသည့် ထမင်း၊ ဟင်း များကို ကျွေးမွေး ခြင်းမရှိ၍ နောက်ဆက်တွဲ ကျန်းမာရေး ပြသနာများ ကြုံတွေ့နေရခြင်းဖြစ်ကြောင်း ကရင်နီနိုင်ငံရေး အကျဉ်းသားများ အစည်းအရုံးထံက သိရသည်။
လွိုင်ကော်မြို့အတွင်းတွင် နှစ်ဖက်တိုက်ပွဲများဖြစ်ပွားနေသော်လည်း လွိုင်ကော်အကျဉ်း ထောင်အတွက် ရိက္ခာသယ်ယူနိုင်သည့် လမ်းကြောင်း စစ်ကောင်စီထံတွင် ရှိနေပြီး ရိက္ခာပို့ဆောင်မှုရှိသော်လည်း အကျဉ်းသားများကိုမူ အာဟာရ လုံလောက်စွာမရသည့် ဆန်ကြမ်း၊ ငပိ၊ ဆားကြမ်း၊ ရေလုံပြုတ် စသည့် စားသောက်စရာများကိုသာ ကျွေးမွေးနေကြောင်း သိရသည်။
“လွိုင်ကော်ထောင်အတွက် သူတို့(စစ်ကောင်စီ)ကိုယ်တိုင်ကိုက ရိက္ခာတွေဖြတ်ထားတာ။ စစ်ကောင်စီက လွိုင်ကော်ထောင်ကို သွားရာလမ်းတစ်လမ်း ရထားတာရှိတယ်။ ရိက္ခာလမ်းကြောင်းရှိတယ်ပေါ့နော်။ ဒါပေမယ့် အကျဉ်းထောင်အာဏာပိုင်တွေက လက်ရှိရနေတဲ့ စကေးထက်ကို လျော့နည်းပြီးကျွေးနေတယ်ပေါ့” ဟု ကရင်နီနိုင်ငံရေး အကျဉ်းသားများ အစည်းအရုံး ဦးဆောင်ကော်မတီဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် လွိုင်ကော်ထောင်ရှိ နိုင်ငံရေး အကျဉ်းသား၊ အကျဉ်းသူများမှာ အာဟာရ ပြည့်ဝစွာရရှိမှု မရှိခြင်းအပြင် အချုပ်ခန်းပြင်ပတွင် ကိုယ်လက်လှုပ်ရှားချိန်နည်းပါးခြင်း၊ “၁၁၁၁ စစ်ဆင်ရေး” ကာလအတွင်း အကျဉ်းသားများကို အကျဉ်းခန်းများတွင် ပိတ်ထား ခြင်းများကြောင့် ယခုအခါတွင် အကျဉ်းသား အယောက် ၂၀ ကျော်သည် ခန္ဓာကိုယ် အောက်ပိုင်းချိနဲ့မှု ဝေဒနာများကို ခံစားနေရကြောင်းသိရသည်။
ထို့ပြင် စစ်ကောင်စီက လွိုင်ကော်ထောင်အတွင်း ထောင်ဝင်စာတွေ့ခွင့်ပိတ်ပင်ထားပြီး မြို့တွင်းတွင်လည်း နှစ်ဖက်စစ်ရေးတင်းမာသည့် အခြေအနေများကြောင့် မိသားစု ဝင်များမှာ ထောင်ဝင်စာပါဆယ် ပေးပို့ခွင့်ကိုရရှိခြင်း မရှိကြောင်း ကရင်နီနိုင်ငံရေး အကျဉ်းသားများ အစည်းအရုံးထံက သိရသည်။
“အခုလတ်တလောအနေနဲ့ ကျွန်တော်တို့အဖွဲ့ကထောင်ကို ပြန်ဆက်သွယ်လို့ရတဲ့ အနေအထားမှာရှိတယ်။ ကျွန်တော်တို့အဖွဲ့က ထောင်အာဏာပိုင်ကို ငွေသားပို့ပြီး အကျဉ်းသားရဲ့ အပ်ငွေစားရင်းထဲကို ထည့်ပေးတာမျိုးလုပ်ပေးနေပါတယ်။ ထောင်အာဏာပိုင်တွေက ထောင်အပ်ငွေနဲ့ ဈေးဝယ်ပေးတာမျိုးလုပ်ပေးတာရှိတယ်။ ငွေပို့မယ်ဆိုလည်း သူတို့ဖြတ်တာအရမ်းများတယ်ပေါ့နော်။ ၄၀ ရာခိုင်နှုန်းထိကို ဖြတ်တယ်။ တစ်သိန်းဆို လေးသောင်းပေါ့နော်” ဟု အဆိုပါ ကရင်နီနိုင်ငံရေး အကျဉ်းသားများ အစည်းအရုံး ဦးဆောင်ကော်မတီဝင်က ဆက်လက်ပြောသည်။
ယခုအခါ လွိုင်ကော်အကျဉ်းထောင်အတွင်း စစ်ကောင်စီ၏ မတရားဖမ်းဆီး ထိန်းသိမ်းခြင်း ခံထားရသည့် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူပေါင်း ၁၁၀ ကျော် ရှိပြီး အခြားအကျဉ်းသားစုစုပေါင်း ၃၀၀ ကျော် ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ယက်(PPNM) ထံက သိရသည်။
ဓာတ်ပုံ – ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး(KPPA)
#ကရင်နီ #လွိုင်ကော်ထောင် #နိုင်ငံရေးအကျဉ်းသား #အစာအဟာရ #လုံလောက်စွာမရ #ခန္ဓာကိုယ်အားနဲ #အောက်ပိုင်းချိနဲ့ #Ayeyarwaddy_Time