
ဧရာဝတီတိုင်းမ်
မေ ၂၁ရက်
ရခိုင်ပြည်နယ်၊ သံတွဲတွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA) တို့ လက်ရှိဖြစ်ပွားနေသည့်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၀၀နီးပါးခန့်သေဆုံးပြီး ငပလီအခြေစိုက် ခလရ ၅၅ ၏ တပ်ရင်းမှူးဖြစ်သူ ဒုတိယဗိုလ်မှူးကြီးခွန်မျိုးလွင်ဦး ထွက်ပြေးသွားကြောင်း သိရသည်။
ပြီးခဲ့သည့် မေ ၁၄ရက်နေ့က ဖြစ်ပွားသည့် သံတွဲ၊ ရွှေလှေတိုက်နယ်အနီး တိုက်ပွဲတွင် ခလရ-၅၅ တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ခွန်မျိုးလွင်ဦး၏ တပ်ဖွဲ့ဝင်များသည် လင်းသီကျေးရွာအတွင်းဝင်ပြေးကြပြီး ဗိုလ်မှူးဖြစ်သူမှာ မေ ၁၄ရက်နေ့ မတိုင်ခင်ကတည်းက သင်တန်းအကြောင်းပြကာ နေပြည်တော်သို့ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။
“တပ်ရင်းမှူးက နေပြည်တော်ပြေးတယ်လို့ သိထားတယ်။ တချို့ကြတော့လည်း လင်းသီကနေ တစ်ဘက် တောင်ကြောပေါ် သူ့တပ်ဖွဲ့တွေနဲ့ ထွက်ပြေးပုန်းရှောင်နေတယ်ပြောတယ်။ ပြေးတာကတော့ အမှန်ပါပဲ။ စစ်သားတွေလည်း ရာချီသေပါတယ်” ဟု သံတွဲဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လင်းသီရွာအတွင်း ပိတ်မိနေသည့် စစ်ကောင်စီတပ်ဖွဲ့သည် မူးရူးသောက်စားကာ ကစဉ့်ကလျားလှည့်ပတ်ပြေးနေကြပြီး တချို့မှာ တောင်တန်းများဘက်သို့ဝင်ပြေးလွတ်မြောက်သွားကြပြီး အများစုမှာ AA ၏ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် သေဆုံးကုန်ကြောင်း သိရသည်။
စစ်ကောင်စီနှင့် AA တို့ထိတွေ့တိုက်ပွဲဖြစ်ပွားသည့် လင်းသီကျေးရွာတိုက်ပွဲ၊ သူဌေးရေအားလျှပ်စစ်စီမံကိန်းတိုက်ပွဲ၊ ဆယ်မိုင်လမ်းခွဲတိုက်ပွဲ၊ ကျောင်းကုန်းကျေးရွာတိုက်ပွဲ၊ ရေစင်ရွာတိုက်ပွဲတို့တွင် စစ်ကောင်စီဘက်က ၁၀၀ နီးပါးခန့်သေဆုံးကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီ၂၂ရက်နေ့က သူဌေးရေအားလျှပ်စစ် စီမံကိန်းအနီး လက်နက်ကြီးများပါ တပ်ဆင်၍ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို AAက စတင်ထိုးစစ်ဆင်တိုက်ခိုက်ရာမှ သံတွဲမြို့နယ်အတွင်းရှိ ပုရစ်၊ ရေကောက်၊ ဒေါ်မြ၊ ရွှေလှေ၊ လင်းသီ၊ ရေစင်ရွာ အနီးတဝိုက်တွင် တိုက်ပွဲများပြင်းထန်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်သည် ဘားတောင်းတောင်စခန်းမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သလို မောင်ရွှေလေး၊ ခမောင်းတုန်း၊ ဂေါ့ကမ်းခြေ၊ ပုလဲကျွန်းမှ စစ်ကောင်စီရေတပ်များကလည်း လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့သည့်အတွက် ဆူးပုတ်ကုန်း၊ ကျောင်းကုန်း၊ ဘုရားမော်၊ ရွှေလှေ၊ ဇီးကျွန်း၊အောက်နတ်မော်၊ လင်းသီ၊ ပုရစ်၊ ရေကောက်ရွာများသို့ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲပြီး လူထိခိုက်သေဆုံးမှုများရှိခဲ့သည်။
သံတွဲမြို့နယ်အတွင်းတွင် စစ်ကောင်စီ၏ စစ်စခန်းများဖြစ်သည့် ဗောဓိကုန်း၊ အံတော်၊ ဆံတော်၊ နံတော်၊ သူခိုးစမ်းတောင်၊ သူဌေးရေအားလျှပ်စစ်စီမံကိန်းအနီးတပ်၊ ဘားတောင်းတောင် အဝင်၊အထွက်ဂိတ်စခန်း၊ ငပလီအခြေစိုက် ခလရ-၅၅တပ်ရင်း၊ ခမရ-၅၆၆၊ ဧရာဝတီအခြေစိုက်အမှတ် (၃၆) တပ်ရင်းနှင့် ရဲစခန်းတို့ရှိကြောင်း သိရသည်။
တိုက်ပွဲများမှာ သံတွဲမြို့ပေါ်နှင့် နီးကပ်လာသည့်အတွက် AAက တိုက်ပွဲနှင့် နီးကပ်သည့်ရွာများမှ ဒေသခံ များကို ပြောင်းရွှေ့ကြရန် ပြောထားကြောင်းသိရသည်။
သံတွဲမြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာများမှ ဝန်ထမ်းများသည် ပြီးခဲ့သည့် အပတ်ကပင် သံတွဲမြို့မှ ထွက်ခွာသွားကြပြီဖြစ်ကြောင်း သိရသည်။
ပုံစာ-အာရက္ခတပ်တော်AA
#သံတွဲ #စစ်ကောင်စီ #၁၀၀နီးပါး #သေဆုံး #ခလရ၅၅တပ်ရင်းမှူး #ထွက်ပြေး #Ayeyarwaddy_Times