ဧရာဝတီတိုင်းမ်
(တွန်းဇံ)၊ မေ ၂၁ ရက်

ချင်းပြည်နယ်တွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားများ လည်ပတ်မှု အားကောင်းဆုံးဖြစ်သည့် တွန်းဇံမြို့ကို ယနေ့မနက်ပိုင်းတွင် သိမ်းပိုက်ရရှိထားကြောင်း ချင်းအမျိုးသားတပ်မတော် (CNA) ပြန်ကြားရေးတာဝန်ခံ ဆလိုင်းထက်နီထံမှ သိရှိရသည်။

တွန်းဇံမြို့ကို CNA ဦးဆောင်သော ချင်းကာကွယ်ရေးပူးပေါင်းတပ်မှ မေလ ၁၆ ရက်နေ့တွင် ထိုးစစ်ဆင်တိုက်ခဲ့ပြီး စစ်ကောင်စီ၏ မြို့မ ရဲစခန်းနှင့် ခလရ (၂၆၉) တပ်စခန်းတို့ကို မေလ ၁၉ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ရရှိကာ ၎င်းတပ်စခန်းမှ စစ်ကောင်စီတပ်သည် မြို့ထဲရှိ အဆောက်အဦးများတွင် နေရာယူခုခံတိုက်ခိုက်ရာမှ ယနေ့ မေလ ၂၁ ရက်နေ့ မနက်အစောပိုင်းက မြို့ကိုစွန့်ခွာတပ်ဆုတ်သွားခြင်းဖြစ်သည်။

“မြို့ထဲက စစ်သားတွေ အကုန်လုံး တပ်ဆုတ်သွားပါပြီး။ မြို့အပြင်မှာတော့ ပစ်ခတ်မှုတွေ ရှိသေးတယ်။ မြို့ကိုတော့ ကျွန်တော်တို့ ထိန်းချုပ်လိုက်ပါပြီး။ ဒါပေမယ့် လေယာဥ်တွေ ပျံဝဲနေသေးတာကြောင်း စိတ်ချရတဲ့ အနေထားတော့ မဟုတ်သေးဘူး” ဟု ချင်းအမျိုးသားတပ်မတော် (CNA) ပြန်ကြားရေးတာဝန်ခံ ဆလိုင်းထက်နီက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါစခန်းသိမ်း တိုက်ပွဲတွင် စစ်ကောင်စီထံက သေနတ် ၅၀ လက် သိမ်းဆည်းရမိပြီး စစ်သုံးပန် သုံးဦးကိုလည်း ဖမ်းဆီးရမိကြောင်း သိရသည်။

တွန်းဇံမြို့သည် ချင်းပြည်နယ်တွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားများ အားအကောင်းဆုံးနှင့် စစ်ကောင်စီ၏ ရွေးကောက်ပွဲအတွက် စိတ်အချရဆုံးနယ်မြေဖြစ်ပြီး ပြည်သူ့စစ်မွေးထုတ်သည့် မြို့ဖြစ်ကြောင်း သိရသည်။

“တွန်းဇံမြို့ဟာ ရွေးကောက်ပွဲအတွက် စစ်ကောင်စီက စိတ်အချရဆုံးနယ်မြေဖြစ်တယ်။ ပြည်သူ့စစ်တွေ မွေးထုတ်တယ်။ အခုလက်နက်ကိုင် ZRA က စစ်ကောင်စီ နဲ့ ပူးပေါင်းနေတယ်။ ပြီးတော့ အိန္ဒိယ လူမျိုးစုလက်နက်ကိုင်တွေ ဝင်ထွက်နေတဲ့ နယ်မြေဖြစ်တယ်။ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ယန္တရား အလည်ပတ်ဆုံး ဒေသပေါ့။”ဟု CNA ပြန်ကြားရေးတာဝန်ခံ ဆလိုင်းထက်နီက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ချင်းပြည်နယ်တွင် စစ်ကောင်စီ ကင်းစင်ရေးအတွက် အထိုင်တပ်ရင်း၊ တပ်စခန်းများကိုလည်း ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း သိရသည်။

#ချင်းပြည်နယ် #စစ်ကောင်စီ #အုပ်ချုပ်ရေးယန္တယား #အားကောင်းသည့် #တွန်းဇံမြို့ #သိမ်းပိုက်ရရှိ #CNF #Ayeyarwaddy_Times