ဧရာဝတီတိုင်းမ်
မေ ၂၁ ရက်

ဘင်္ဂလားပင်လယ်အော်တွင် လာမည့် ၂၄ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ် ပြီးနောက် မေ ၂၄ ရက်နေ့တွင် မုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်ကာ အဆိုပါအရှိန်ကြောင့် မြန်မာနိုင်ငံတွင်မိုးကြီးမည်ဖြစ်ကြောင်း သိရသည်။

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လာနိုင်သည့် လေဖိအားနည်းရပ်ဝန်းအရှိန်နှင့် မုတ်သုံလေဝင်ရောက်နိုင်ခြင်းကြောင့် လာမည့် ၂၃ ရက်မှ ၂၇ ရက်အတွင်း မြန်မာနိုင်ငံတွင် မိုးကြီးခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှူဦးစီးဌာန(မိုး/ဇလ) က ယနေ့ မေ ၂၁ ရက်နေ့ မွန်းလွဲ ပိုင်းတွင် ထုတ်ပြန်ထားသည်။

နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ချင်းပြည်၊ ရခိုင်ပြည်၊ ကရင်ပြည်နှင့် မွန်ပြည်တို့တွင် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုး/ဇလ ထံက သိရသည်။

မိုးသည်းထန်ပြီး ၃ ရက်ခန့်ဆက်တိုက် မိုးများနေနိုင်တာကြောင့် တောင်ကျ ချောင်းရေ ရုတ်တရက် ကျဆင်းလာနိုင်ခြင်း၊ မြို့/ရွာများတွင် ရေကြီးရေလျှံနိုင်ခြင်း၊ မိုးကြိုးပစ်ခြင်း နှင့် လေပြင်း တိုက်ခတ်နိုင်ခြင်းများကို သတိထား၊ ဂရုစိုက်စေလိုကြောင်း မိုးလေဝသပညာရပ်ကို လေ့လာနေသူများက အသိပေးထားသည်။

ထို့ပြင် ကုန်းမြင့်ဒေသအနီးတွင်နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ် နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံ မှုများကို ကြိုတင်သတိပြုရန်လိုအပ်ကြောင်း သိရသည်။

ယင်းအပြင် ကမ်းရိုးတန်းဒေသ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီး နိုင်ခြင်း၊ မြစ်ဝကျွန်းပေါ်ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် မကြာခဏ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင် ကြောင်း မိုး/ဇလက ဆိုထားသည်။

ထို့ကြောင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများ အနေဖြင့် ကြိုတင်သတိပြုလိုအပ်ကြောင်း မိုး/ဇလ က အသိပေးထားသည်။

အဆိုပါမုန်တိုင်းငယ်သည် မေ ၂၆ ရက်နှင့် ၂၇ ရက်နေ့တွင် အိန္ဒိယနှင့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံကမ်းရိုးတန်းကြား ဝင်ရောက်မည်ဟု နိုင်ငံတကာမိုးလေဝသဌာနများ က ခန့်မှန်း ထားသည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
ပုံစာ-ရန်ကုန်မြို့မြင်ကွင်း
#ဘင်္ဂလားပင်လယ်အော် #မုန်းတိုင်းငယ် #မြန်မာနိုင်ငံမိုးကြီးမည် #Ayeyarwaddy_Times