ဧရာဝတီတိုင်းမ်
မေ ၁၇ ရက်

ဧရာဝတီတိုင်းမော်လမြိုင်ကျွန်းမြို့အနီးကျေးရွာများရှိဒေသခံများအနေဖြင့်စမတ်မှတ်ပုံတင်နှင့် သက်သေခံလက်မှတ်- UID စာရွက် ပြုလုပ်ရန်အတွက် ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် လဝကရုံးဝန်ထမ်းများအား ငွေကျပ်တစ်သိန်းအထိ ပေးအပ်ရမှုများ ရှိနေကြောင်းသိရသည်။

မော်လမြိုင်ကျွန်းမြို့အနီး အစုကြီး၊ဝဲဒေါင့်၊ဗမော်၊ကျည်းချောင်း၊နွားကြီးစုနှင့်ထိယာလိ စသည့်ကျေးရွာတို့ရှိ ဒေသခံများအနေဖြင့် စမတ်မှတ်ပုံတင်နှင့် သက်သေခံလက်မှတ်-UIDပြုလုပ်ရန်အတွက် ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးရုံးရှိ စာရေးဝန်ထမ်းများထံသို့ စာရွက်တစ်ရွက်လျှင်
ငွေတစ်သိန်းကျပ်ထက်မနည်း ပေးသူများ ရှိျကြာင်းဒေသခံများထံက သိရသည်။

“ စမတ်မှတ်ပုံတင်လုပ်ဖို့ဆိုပြီး သက်သေခံလက်မှတ်စာရွက်ရဖို့ရွာကအုပ်ကြီးနဲ့ မြို့ကလဝက ဝန်ထမ်းတွေကို တစ်သိန်းနီးပါးပေးနေရတယ်။အဲတာမပါရင် မြို့ထဲဝင်မရဘူး။ တိုင်းကျော်သွားမရဘူးဆိုပြီးခြိမ်းခြောက်ခံနေရတာ။မလုပ်ရင်လည်းဖမ်းမယ်ဆိုတော့မဖြစ်မနေလုပ်ရတဲ့သဘောဖြစ်နေတယ်”ဟု ဝဲဒေါင့်
ကျေးရွာဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထို့သို့UIDစာရွက်ကြေးကောက်ခံနေပြီး ရရှိသည့်ငွေကြေးများကို ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် လဝက စာရေးဝန်ထမ်းများမှ ခွဲတမ်းချရယူနေခြင်းဖြစ်ကြောင်းရပ်ကျေးအုပ်ချုပ်ရေးအသိုင်းအဝန်းထံက သိရသည်။

“ စာရွက်ကြေး ဆိုပြီးသာကောက်နေတာ လဝကစာရေးတွေဆိုတာကလည်း ရုံးကိုစာရင်းမတင်ဘူးပြန်ကြားတယ်။ ကောက်ရတဲ့ငွေတွေကို လဝကစာရေးနဲ့ အုပ်ချုပ်ရေးမှူးတွေက ခွဲတမ်းချပြီးယူနေကြတာ။ ရုံးကိုစာရင်းလိမ်တင်တာပဲရှိတယ်။ ဒေသခံရွာသားတွေကတော့ဒုက္ခရောက်နေကြတယ်”ဟု ထိယာလိကျေးရွာမှ ရပ်ကျေးအုပ်ချုပ်ရေးနှင့် နီးစပ်သူတစ်ဦးက
ဆိုသည်။

မော်လမြိုင်ကျွန်းမြို့နယ်တွင်ပြီးခဲ့သည့် မေလပထမအပတ်ကစပြီး မြို့တွင်းနှင့်ကျေးရွာများရှိဒေသခံများအား စမတ်မှတ်ပုံတင်နှင့်သက်သေခံလက်မှတ်-UID ပြုလုပ်ရန် အတင်းအကျပ် ဖိအားပေးလုပ်ခိုင်းနေကြောင်း သိရသည်။

#မော်လမြိုင်ကျွန်းမြို့#UID#ရပ်ကျေးအုပ်ချုပ်ရေးမှူး#လဝကဝန်ထမ်း#ငွေကျပ်သိန်းချီပေးရ#

#Ayeyarwaddy _Times