ဧရာဝတီတိုင်းမ်
မေ ၁၆ ရက်

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့ရှိ စစ်မှုထမ်းဟောင်းရုံးတွင် စစ်ကောင်စီ ခန့်အပ်ထားသည့် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးက အသက်ပြည့်ပြီးဖြစ်သော်လည်း စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရသည့် ကိုယ်လက်အင်္ဂါချို့ယွင်းနေသူ အမျိုးသားများကိုပါ စစ်မှုထမ်းရန်ဖောင်များ ဖြည့်ခိုင်းနေကြောင်း ဒေသခံများထံကသိရသည်။

ထူးကြီးမြို့ အမှတ် (၁) ရပ်ကွက်ရှိ ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် ဇနီးဖြစ်သူ ဒေါ်ခင်မာချိုတို့သည် မေလ ပထမပတ်ကစတင်၍ ကိုယ်လက်အင်္ဂါချို့ယွင်းနေသည့် လူငယ်များကို စစ်မှုထမ်းဆောင်ရန် ဖောင်ဖြည့်ခိုင်းနေကြောင်း ဒေသခံများထံက သိရသည်။

“အသက်ပြည့်ပြီးသူတိုင်း ကျန်းမာရေးမကောင်းသူ ကိုယ်လက် အင်္ဂါချို့ယွင်း သူများ ပါမကျန် အသက်ပြည့်သူတိုင်းကိုဖောင်ဖြည့်ခိုင်းပါတယ်။ စစ်မူးထမ်းရုံးမှာခေါ်ပြီး ဖြည့်ခိုင်းတာ။ ဖောင်စာရွက်တွေကို အိမ်အယူမခံဘူး။ အုပ်ချုပ်ရေးမှူးမိန်းမက အကုန်ချယ်လှယ်နေတာ” ဟု ထူးကြီးမြို့တွင်နေထိုင်သူတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။

စစ်မှုထမ်းဟောင်းရုံးသို့ ဖောင်ဖြည့်ရန် လာရောက်ခြင်းမရှိသည့် လူငယ်အချို့ကိုလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ယူကာ ဓာတ်ပုံနှင့်တကွ ထပ်မံစာရင်းပေးခိုင်းကြောင်း ထူးကြီးမြို့ခံများထံက သိရသည်။

ပြည်သူ့စစ်မှုထမ်း ဥပဒေ အခန်း ၆ (ဂ)တွင် ကိုယ်လက်အင်္ဂါတစ်ခုခု အမြဲတမ်း မသန်စွမ်းသူများကို ပြည်သူ့စစ်မှုထမ်းကင်းလွတ်ခွင့်ပေးထားကြောင်း ဖော်ပြထား သော်လည်း စစ်ကောင်စီက ၎င်းတို့ချမှတ်ထားသည့် ဥပဒေကို ၎င်းကိုယ်တိုင် ချိုးဖောက်၍ ကိုယ်လက်အင်္ဂါချို့ယွင်းသူများကိုပါ စစ်မှုထမ်းဆောင်ရန် ပြုလုပ်လာ ခြင်းဖြစ်သည်။

မြန်မာပြည်ဒေသအနှံ့အပြား စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး၊နှင့် အဖွဲ့ဝင်များသည် စစ်မှုထမ်းဆောင်ရန်အတွက် စစ်မှုထမ်းသင်တန်း အမှတ်စဥ် (၁)၊ အမှတ်စဥ်(၂) တို့တွင် တက်ရောက်ရန်အတွက် ၎င်းတို့၏ သားသမီးများကို ချန်လှပ်ထားပြီး ၎င်းတို့နှင့် အဆင်မပြေသူများကိုသာ အများစုကို စစ်မှုထမ်းဆောင်ရန် စာရင်းများထည့်ပေး နေကြောင်း စုံစမ်းသိရှိရသည်။

စစ်ကောင်စီတပ်တွင် စစ်မှုမထမ်းဆောင်ခြင်း မပြုလိုသည့် လူငယ်အချို့မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်များထံ ရောက်ရှိနေကြပြီး ပြည်ပသို့ ထွက်ခွာ၍ တိမ်းရှောင် သူများလည်း အများအပြားရှိနေသည်။

ယခု စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂) အတွက် စစ်သင်တန်းတက်ရောက်ရန် စစ်သားသစ်ခေါ်ယူရာတွင် ယခင်နည်းအတိုင်း စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး များက အနိုင်ကျင့် ခြိမ်းခြောက်မှုများပြုလုပ်၍ စစ်မှုထမ်းဖောင်များ ဖြည့်ခိုင်လျှက်ရှိနေကြောင်းသိရသည်။

ဓာတ်ပုံ-အဓမ္မစုဆောင်းခံထားရသည့် စစ်မှုထမ်းအပတ်စဥ် (၁) သင်တန်းသားများ
#ထူးကြီး #ကိုယ်လက်အင်္ဂါချို့ယွင်းသူများ ##အုပ်ချုပ်ရေးမှူးဇနီး #စစ်မှုထမ်းရန်ဖောင်ဖြည့် #Ayeyarwaddy_Times