
ညီညီမင်း/ဧရာဝတီတိုင်းမ်
ပုသိမ်၊ ဇွန်လ ၂၆ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်အကျဥ်းထောင်မှာ ထောင်၀င်စာပေးပို့မှုကို ဇွန်လနောက်ဆုံးပတ်ကစတင်ပြီး ကန့်သတ်လိုက်တယ်လို့ အကျဥ်းဦးစီးဌာနနဲ့နီးစပ်သူတစ်ဦးထံမှ သိရပါတယ်။
“ခုထောင်မှာ တစ်ယောက်ကို ထောင်၀င်စာ တစ်ခါပို့ရင်အသီး၊ မုန့်၊ အသားကြော်၊
ငပိကြော် အကုန်တစ်မျိုးစီပဲ ပေးပို့ခွင့်ရှိတော့တယ်။ အဓိက ထောင်ဟင်းမစားတဲ့ နိုင်ငံရေးအကျဥ်းသားတွေ အခက်တွေ့ကုန်တယ်” လို့ အကျဥ်းဦးစီးဌာနနဲ့နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ပုသိမ်ထောင်အတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားများအနေနဲ့ မိသားစုတွေက ပို့တဲ့ထောင်၀င်စာအစားအသောက်တွေကိုမျှဝေစားသုံးနေရတာဖြစ်ပြီး ထောင်၀င်စာဌာနက တစ်ဦးကိုအစားအသောက် ဘူးအသေး ၃ ဘူးသာ ပို့ခွင့်ရမယ်လို့ ကန့်သတ်ထားတယ်လို့ နိုင်ငံရေးအကျဥ်းသားတွေရဲ့ မိသားစုနဲ့နီးစပ်သူတစ်ဦးက ဆိုပါတယ်။
“နိုင်ကျဥ်းတွေက စုစုစည်းစည်းနဲ့ထောင်၀င်စာမလာတဲ့သူကိုမျှကျွေးနေတာ ခုက ထောင်ဘူး၀မှာ ပေးတဲ့ဟင်းတွေအသိမ်းခံရတယ်ကြားတယ် အဲ့နေ့ကလာပို့တဲ့မိသားစုတွေ စကားများကြတော့ထောင်ဆိုတာပုဒ်မ၁၄၄ထုတ်ထားတယ်မဆူနဲ့လို့ခြိမ်းခြောက်တာတောင်ရှိတယ်”လို့ နိုင်ငံရေးအကျဥ်းသားတွေရဲ့ မိသားစုနဲ့နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ပုသိမ်အကျဥ်းထောင်မှာ ထောင်၀င်စာပေးပို့ခွင့် ကန့်သတ်လိုက်တာကြောင့် ဇွန်လ၂၂ရက်နေ့ညနေပိုင်းက နိုင်ငံရေးအကျဥ်းသား ၁၀၀ကျော်က အိပ်ဆောင်ပြန်မ၀င်ပဲ ဆန္ဒပြခဲ့ကြပါသေးတယ်။