ဧရာဝတီတိုင်းမ်
မေ ၁၄ရက်

ကချင်ပြည်နယ်၊ မံစီမြို့နယ်ရှိ မံစီမြို့မရဲစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကသိမ်းပိုက်လိုက်ပြီး မြို့ကိုထိန်းချုပ်ကာ မြို့နယ်အတွင်းကျန်ရှိနေသည့် စစ်ကောင်စီ၏ တပ်ရင်း နှစ်ခုကို အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။

ပြီးခဲ့သည့် မေ ၇ ရက် နေ့က မံစီမြို့အတွင်းရှိ မံစီမြို့မရဲစခန်းကို KIA က သိမ်းပိုက်လိုက်ပြီး မြို့ကိုထိန်းချုပ်ကာ ကျန်နေသေးသည့် စစ်ကောင်စီ စစ်စခန်းများကို တိုက်ခိုက်နေခြင်းဖြစ်သည်။

စစ်ကောင်စီ၏ မံစီမြို့နယ်အတွင်းရှိ ခမရ-၆၀၁ နှင့် ခမရ-၃၁၉ တပ်ရင်းတို့ကို ပြီးခဲ့သည့် မေ ၉ ရက်ကစတင်တိုက်ခိုက်ခဲ့ပြီး ယမန်နေ့ မေ ၁၃ရက်တွင် တိုက်ပွဲပိုမိုပြင်းထန်ခဲ့ကြောင်း သိရသည်။

“မနေ့က ၁၃ရက်နေ့မှာ တိုက်ပွဲပိုပြင်းထန်တယ်။ လေယာဉ်တွေနဲ့ပါ ပစ်ကူတယ်။ အနီးနားတပ်မှန်သမျှကို KIA က သိမ်းထားတယ်ပြောတယ်။ အခု တပ်ရင်း နှစ်ခုကိုပြိုင်တိုက်နေတာ အဲဒီ့ နှစ်ခုကျရင် မံစီမှာ စစ်တပ်မရှိတော့ဘူး” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားရာနှင့် အနီးဝန်းကျင်သို့ တိုက်လေယာဉ်များ၊ Y-12 သယ်ယူပို့ဆောင်ရေး ထောက်ပို့ယာဉ်များဖြင့်ပါ လေ ကြောင်းမှ လာရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မံစီမြို့၊ မိုင်းခေါင်ရွာသစ်မှ စစ်ကောင်စီ၏ ခလရ- ၁၂၁ ရှိ ဗိုလ်မှူး သန့်ဇင်ကိုကို ဦးဆောင်သော အင်အား ၅၀ ပါတပ်ရင်းမှာလည်း ပြီးခဲ့သည့် မတ် ၂၄ရက်ကတည်းက မံစီမြို့မှ ထွက်ပြေးသွားကြသည်။

ထို့​ပြင် ပြီးခဲ့သည့် မေ ၇ရက် နေ့ကလည်း မံစီမြို့နှင့် မိုးညှင်းဆက်သွယ်ထားသော ဧရာဝတီမြစ်ကူးတံတား(စင်းခန်း)ထိပ်ရှိ စစ်ကောင်စီစခန်း ငါး ခုကို KIA က တိုက်ခိုက်သိမ်းပိုက်၍ မံစီ- မိုးညှင်းလမ်းပိုင်းကို ထိန်းချုပ်ခဲ့သည်။

ပုံစာ- KIAသိမ်းပိုက်ထားသည့် မံစီရဲစခန်း
#ကချင် #မံစီ #စစ်ကောင်စီ #ခမရ၆၀၁ #ခမရ၃၁၉ #KIA #တိုက်ခိုက် #Ayeyarwaddy_Times