
ဧရာဝတီတိုင်းမ်
မေ ၁၄ရက်
စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ ပုဂံတောင်ရွာရှိ စစ်ကောင်စီနှင့် ပျူစောထီး ပူးပေါင်း စခန်းအား အမှတ် (၁) စစ်ဒေသ ရှေ့တန်းကွပ်ကဲရေးအဖွဲ့၊ မော်လိုက်ခရိုင် တပ်ရင်း ၁၊ ၂၊ ဖောင်းပြင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) ပူးပေါင်းအဖွဲ့တို့မှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် စစ်ကောင်စီ၏ ခမရ-၃၆၇၊ ခမရ-၃၆၈ နှင့်ပျူစောထီး အင်အား ၆၀ ခန့်အခြေပြုနေသော စစ်စခန်းကို ယမန်နေ့ မေ ၁၃ရက်နေ့တွင် ဝင်ရောက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း အမှတ် (၁) စစ်ဒေသက ထုတ်ပြန်သည်။
“စစ်ကောင်စီဘက်က လေယာဉ်တွေရော၊ ဒရုန်းဗုံးတွေပါ သုံးပြီး ဗုံးကြဲတယ်။ ကျွန်တော် တို့ဘက်ကလည်း အကောင်းဆုံးထိုးစစ်နဲ့တိုက်ခိုက်ခဲ့ပါတယ်။ စစ်ကူတွေပါတက်လာလို့ အောင်မြင်စွာဆုတ်ခွာခဲ့ပါတယ်။ အခုဖြစ်နေတဲ့တိုက်ပွဲတွေမှာ စခန်းသိမ်းနိုင်ရေးထက် စစ်ကောင်စီတွေ အထိနာဖို့ရယ်နဲ့ ကျွန်တော်တို့ဘက်က အထိအခိုက်အနည်းဆုံး ဖြစ်အောင် လုပ်ဆောင်နေပါတယ်။ စခန်းသိမ်းမိရင်လည်း မီးရှို့ဖျက်ဆီးပစ်ခဲ့ပါတယ်” ဟု မြေပြင်ရှိ တော်လှန်ရေး ရဲဘော်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တိုက်ပွဲဖြစ်ပွားစဉ်တွင် စစ်ကောင်စီ၏ အလောင်း ၁၁ လောင်းရရှိပြီး သုံးဦးအထက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ ၄၀-မမ ဗုံးသီး ၁၀လုံး ၊ လက်နက်ငယ် ငါးလက် တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ပွဲအတွင်း တော်လှန်ရေး ပူးပေါင်းတပ်ဘက်မှလည်း ရဲဘော် တစ်ဦး ကျဆုံးကာ ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီဘက်မှ Mi-2 ရဟတ်ယာဉ်ဖြင့် တိုက်ပွဲဖြစ်ပွားရာသို့ ဗုံးသုံးလုံး ကြဲချတိုက်ခိုက်သည့်အပြင် ဒရုန်းဖြင့် ဗုံးများ ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ရွှေညောင်ပင်ကျေးရွာရှိ စစ်ကောင်စီ၏ ခမရ-၃၆၇ ၊ ခမရ-၃၆၈ တပ်ရင်းမှ ထုတ်နုတ်အင်အားနှင့် ပျူစောထီး ပူးပေါင်းအဖွဲ့တို့မှလည်း ၆၀ မမ လက်နက်ကြီးဖြင့် ပစ်ကူ တိုက်ခိုက်ပေးသည့်အပြင် ပုဂံတောင်ခြေသို့ စစ်ကူလာရောက်ခဲ့ကြကြောင်း သိရသည်။
ဓာတ်ပုံ-အမှတ် (၁) စစ်ဒေသ ရှေ့တန်းကွပ်ကဲရေးအဖွဲ့
#စစ်ကိုင်း #မော်လိုက် #ဖောင်းပြင် #ပုဂံတောင် #စစ်ကောင်စီပျူစောထီးစခန်း #တော်လှန်ရေးပူးပေါင်းတပ် #ဝင်ရောက်တိုက်ခိုက် #Ayeyarwaddy_Times