နိုင်း/ဧရာဝတီတိုင်မ်း
(သာယာဝတီ)၊ ဩဂုတ်လ ၆ ရက်
ပဲခူးတိုင်း(အနောက်ခြမ်း) ၊ သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ ရန်ကုန်-ပြည် ကားလမ်းဘေးရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင်ဩဂုတ်လ ၅ ရက် ယမန်နေ့ မနက် ၈နာရီ ၃၀မိနစ် ဝန်းကျင်တွင် ဗုံးပေါက်ကွဲခဲ့ကြောင်း ဒေသခံများထံကသိရသည်။
” မနက် ၈ ခွဲလောက်မှာ ဒီကြို့ပင်ကောက်မြို့အဝင် စစ်ဆေးရေးဂိတ်ဘေးနားက ကားပျက်ကြီးနားမှာ မိုင်းကွဲတာ။ အဲ့ဂိတ်မှာက CCTV လည်းတပ်ထားတယ်။ မနေ့က ရဲနဲ့စစ်တပ်ကအဲ့ဂိတ်မှာ ၂၅ ယောက်လောက်ရှိတယ်။ အဲ့ဂိတ်ကလမ်းသွားလမ်းလာတွေကို ပိုက်ဆံတအားတောင်းတယ် ” ဟု ဒေသခံအမျိုးသားတဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။
တိုက်ခိုက်မှုအတွင်း ရဲ ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောဆိုသော်လည်း သီးခြားအတည်မပြုနိုင်ပါ။အဆိုပါ တိုက်ခိုက်မှုအား Dragon Brothers PDF အဖွဲ့မှလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟုထုတ်ပြန်ထားသည်။
အလားတူ ယမန်နေ့ ညပိုင်း ၇ နာရီဝန်းကျင်မှာဘဲ သာယာဝတီမြို့နယ် စည်ပင်ကျေးရွာအုပ်စု စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းဇော် ဆိုသူ သေနတ်ဖြင့်ပစ်ခတ်ခံရသဖြင့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
” အုပ်ကြီးက သုံးဆယ်ကနေ သာယာဝတီကိုပြန်လာတာ၊ လမ်းမှာအပစ်ခံရတာ။ တချက်ဘဲထိတယ်လို့သိရတယ်၊ ဒဏ်ရာဘဲရတာ သေတော့မသေဘူး ” ဟု သာယာဝတီဒေသခံအမျိုးသားတဦးက ပြောသည်။
အဆိုပါ ပစ်ခတ်မှုကို သာယာဝတီမြို့ပြပြောက် ကျားတပ်ဖွဲ့က ပြုလုပ်ခဲ့ကြောင်းထုတ်ပြန်ထားပြီး စစ်အုပ်စုထောက်တိုင်များကိုဆက်လက်တိုက်ခိုက်မည်ဟုလည်း ဖော်ပြသည်။
သြဂုတ်လဆန်းပိုင်းကလည်း နတ်တလင်းမြို့နယ်၊ အောင်သုခရွာ အုပ်ချုပ်ရေးမှူးနှင့်၄င်း၏တပည့်တို့ ကို ဇေယျာသော်စစ်ဆင်ရေးအဖြစ် သာယာဝတီခရိုင်PDF က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ထုတ်ပြန်ထားသည်။