
ဧရာဝတီတိုင်းမ်
မေ ၆ ရက်
ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီ၏ ရိက္ခာနှင့် စစ်ကူပို့သည့် Mi 17 ရဟတ်ယာဉ်တစ်စီးကို ကရင်နီပူးပေါင်းတပ်ဖွဲ့က ပစ်ချခဲ့ကြောင်း သတင်းရရှိသည်။
” ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကရဟတ်ယာဉ်တစ်စီးကို ပစ်ချလိုက်တာ ဖြစ်ပါတယ်။ ဒီနေ့မနက် ၁၁ နာရီဝန်းကျင်မှာ ဖြစ်ပါတယ်။ ဖားဆောင်းကို လာတဲ့ရဟတ်ယာဉ် တစ်စီးကို ပစ်ချလိုက်တာပါ” ဟု KNDF စစ်ရေး သတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပစ်ချခံခဲ့ရသည့် Mi 17 ရဟတ်ယာဉ်သည် နေပြည်တော်အေလာလေဆိပ်မှ ပျံတက်လာသည့် ရဟတ်ယာဉ်ဖြစ်ပြီး ရိက္ခာနှင့် စစ်ကူပို့သွားရာမှ ယခုကဲ့သို့ ပစ်ချခံရကာ ပျက်ကျသွားခြင်း ဖြစ်နိုင်ကြောင်း နေပြည်တော်ရှိ စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။
စစ်ကောင်စီက ဝယ်ယူအသုံးပြုသည့် Mi 17 ရဟတ်ယာဉ်တစ်စီး၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၆ သန်းအထက်ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
၂၀၂၃ ဇွန် ၃၀ရက်ကလည်း စစ်ကောင်စီ၏ တိုက်လေယာဥ်တစ်စီးကို ကရင်နီပြည်နယ် ဘောလခဲမြို့နယ်တွင် ပစ်ချခဲ့သေးသည်။
#စစ်ကောင်စီ #Mi17 #ရဟတ်ယာဉ် #ပစ်ချခံရ #ကရင်နီပြည်နယ် #Ayeyarwaddy_Times