
ဧရာဝတီတိုင်းမ်
(တီးတိန်)၊မေ ၄ ရက်
ချင်းပြည်နယ် မြောက်ပိုင်း၊ တီးတိန်မြို့နယ်ရှိ ဇိုမီးတော်လှန်ရေးတပ်မတော် (ZRA) ၏ တပ်စခန်းတစ်ခုကို ချင်းအမျိုးသားတပ်မတော် (CNA) ဦးဆောင်သော ချင်းလဲန်း ကာကွယ်ရေးတပ် (CDF) ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း CNA နှင့် နီးစပ်သူများထံက သိရသည်။
တီးတိန်မြို့နယ်၊ မွာလ်လွန်ကျေးရွာ၊ Carmel တောင်ကုန်းပေါ်ရှိ ZRA တပ်စခန်းကို ယနေ့ ဧပြီလ ၄ ရက် နေ့လယ်ပိုင်းတွင် CNA ဦးဆောင်သော CDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းများနှင့် စစ်အသုံးဆောင်ပစ္စည်းများကိုလည်း သိမ်းပိုက်ရရှိထားကြောင်း သိရသည်။
“Carmel တောင်က ZRA တပ်စခန်းကို ဒီနေ့ နေလယ်လောက်က သိမ်းပိုက် ရရှိထားပါတယ်။ လက်နက် ခဲယမ်းတွေလည်း သိမ်းဆည်ရမိတယ်။ နှစ်ဖက် ရဲဘော် အကျဆုံးရှိတယ်” ဟု CNA နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ စခန်းသိမ်း တိုက်ပွဲမှ လက်လုပ် သေနတ် လက်၊ မော်တာပစ် နှစ်လက်၊ နင်းမိုင်းအသေး နှစ်ခု၊ ကျည်အိမ်နှစ်ခု၊ ဆက်သွယ်ရေးစက်၊ ၅ပွိုင့်၅၆ ကျည်နှင့် အခြား ဆက်စပ်ပစ္စည်းများ၊ စစ်အသုံးဆောင်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
တီးတိန်မြို့နယ် မွာလ်လွန်ကျေးရွာနှင့် လိုင်သွီးကျေးရွာတို့တွင် ပြီးခဲ့သည့် မေလ ၁ ရက်နေ့ကစ၍ CNA ပူးပေါင်းအဖွဲ့နှင့် ZRA တို့ တိုက်ပွဲများ ဖြစ်ပွားပြီး နှစ်ဖက် တိုက်ပွဲတွင်း အကျဆုံးရှိကြောင်း ဒေသခံများထံက သိရသည်။
“လိုင်သွီးရွာမှာ မေလ ၁ ရက်နေ့က နှစ်ဖက်တိုက်ပွဲ စဖြစ်သွားတာပါ။ တိုက်ပွဲအရှိန်က တဖြည်းဖြည်းနဲ့ မွာလ်လွန်ရွာထိ လေးရက်ဆက်တိုက် ဖြစ်သွားတယ်။ လိုင်သွီးရွာနဲ့ မွာလ်လွန်ရွာက ZRA တပ်စွဲထားတဲ့ ရွာတွေဖြစ်ပါတယ်။ အခု အဲ့ဒီရွာက ZRA တပ်စခန်းကို CNA တွေက အကုန်သိမ်းပိုက်လိုက်ပြီ။ လောလောဆယ် လိုင်သွီးရွာမှာ CNA ရဲဘော် တစ်ဦး ကျတယ်။ မွာလ်လွန်ရွာမှာ ZRA တစ်ဦးကျတယ်လို့ ကြား ရတယ်”ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လိုင်သွီးရွာသည် CNA နှင့် ZRA တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားသည့် နေရာဖြစ်ပြီး မေလ ၁ ရက်နေ့တွင် ဖြစ်ပွားသည့် လိုင်သွီးကျေးရွာအနီး တိုက်ပွဲတွင် CNA ရဲဘော် Van Hoi Thang ကျဆုံးခဲ့ပြီး ယမန်နေ့ ဧပြီ ၃ ရက်နေ့က ဖြစ်ပွားသည့် မွာလ်လွန်ရွာ တိုက်ပွဲတွင် ZRA ရဲဘော် Lian Hau Mung ကျဆုံးခဲ့ကြောင်း သိရသည်။
ပုံစာ- တီးတိန်မြို့နယ်၊ မွာလ်လွန်ကျေးရွာရှိ ZRA စခန်းသိမ်း တိုက်ပွဲမှ သိမ်းဆည်း ရမိသော လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများကို တွေ့ရစဥ်။
#တီးတိန်မြို့နယ် #ZRAတပ်စခန်း #CNA #CDF #တိုက်ခိုက်သိမ်းပိုက် #Ayeyarwaddy_Times