
( ဧပြီ ၁ ရက် မှ မေ ၂ ရက်နေ့အထိ တစ်လအတွင်း ဈေးကွက်အခြေအနေ)
ဧရာဝတီတိုင်းမ်
မေ ၄ ရက်
မြန်မာ့နှစ်သစ်ကူးကာလသင်္ကြန်မတိုင်ခင်ကတည်းက ရှိနေသော အထွေထွေ ကုန်ဈေး နှုန်းသည် သင်္ကြန်ကာလကို ကျော်လွန်သွားသည့်တိုင် ဈေးအမြင့်မှာပင် ရှိနေဆဲဖြစ်သည်။
ကုန်ဈေးနှုန်းအတက်အကျကို ကြည့်နိုင်သော ပြည်တွင်းရွှေဈေးနှုန်း၊ ၎င်းနှင့် ချိတ်ဆက်နေသော အမေရိကန်ဒေါ်လာလဲလှယ်ဈေးနှုန်းများသည်လည်း ဈေးတက်လျက် ရှိသည်။
စစ်ကောင်စီလက်ထဲတွင် နိုင်ငံခြားငွေလျော့နည်းလျက်ရှိပြီး စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံ ဗဟိုဘဏ် က ဧပြီလအတွင်း အမေရိကန်ဒေါ်လာ သုံးသန်း(၃,၀၀၀,၀၀၀) သာထုတ်ရောင်း နိုင်ကြောင်း တွေ့ရသည်။
သင်္ကြန်ကာလအတွင်း မြန်မာ – ထိုင်း နိုင်ငံ၏ အဓိကကုန်သွယ်ရေးဇုန် မြဝတီတွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွားခဲ့သည်။
အဆိုပါတိုက်ပွဲကြောင့်ကုန်သွယ်ရေးဇုံကို ၁၀ ခန့် ကြာပိတ်ထားခဲ့ရပြီး ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားများမှ ကုန်စည်ဖြတ်သန်းခွင့် ရပ်ဆိုင်းခဲ့၍ နှစ်နိုင်ငံကူးသန်းသွားလာမှု၊ ကုန်သွယ် မှုများရပ်ဆိုင်းခဲ့သည်။
လက်ရှိတွင် မြ၀တီကို စစ်ကောင်စီတပ်က ပြန်လည်ရယူထားပြီး နှစ်နိုင်ငံချစ်ကြည်ရေး တံတားပြန်လည်ဖွင့်လှစ်ကာ ကုန်စည် စီးဆင်းမှုပြန်လည်လုပ်ဆောင်နေပြီဖြစ်သည်။ အဆိုပါနယ်စပ်ဂိတ်များသည် ထိုင်းနိုင်ငံသို့ မြန်မာနိုင်ငံမှ လူငယ်လူရွယ်များ နေထိုင် အလုပ်လုပ်ကိုင်ရန်အတွက် တရားဝင်သွားရောက်သူများရှိသလို တရားမဝင်နည်းလမ်းများဖြင့် သွားလာသူများလည်း ရှိသည်။
ထို့ပြင် စစ်ကောင်စီသည် ပြည်သူ့စစ်မှုထမ်းဥပဒေ အမှတ် (၂) အတွက် ထပ်မံခေါ်ယူရန်ပြင်ဆင်နေပြီး
အလုပ်လုပ်ကိုင်နိုင်သော အရွယ်ရှိသည့် အမျိုးသားများကို ပြည်ပထွက်ခွာ၍ အလုပ်လုပ်ကိုင်ခွင့်ကို ယခုမေလမှ စတင်၍ပိတ်ပင်လိုက်ကြောင်း စုံစမ်းသိရသည်။
#နိုင်ငံခြားငွေလဲလှယ်ဈေးနှုန်း
နိုင်ငံခြားဝင်ငွေလျော့နည်းလာသော စစ်ကောင်စီထံတွင် အမေရိကန်ဒေါ်လာပိုင်ဆိုင်မှုလျော့နည်း လာသည်ကိုတွေ့ရသည်။ ဗဟိုဘဏ်မှ နိုင်ငံခြားငွေကြေးဈေးကွက်အတွင်းသို့ ရောင်းချပေးနေသော နိုင်ငံခြားငွေထဲတွင် အမေရိကန်ဒေါ်လာရောင်းချမှု အချိုးအစားအနည်းငယ်သာပါဝင်သည်။
ဗဟိုဘဏ်သည် ပြီးခဲ့သည့် မေလ ၂ ရက်နေ့က နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း တရုတ်ယွမ် ၅ သန်း နှင့်ထိုင်းဘတ် သန်း ၃၀ ရောင်းချပေးမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။
ပြီးခဲ့သည့် ဧပြီ ၃ ရက်နေ့နှင့် ၂၃ ရက်နေ့တွင် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား Online Trading Platform မှတစ်ဆင့် အမေရိကန်ဒေါ်လာ သုံးသန်း၊ ထိုင်းဘတ် ၅၄ သန်း နှင့် တရုတ်ယွမ် နှစ်သန်း ရောင်းချပေးခဲ့ကြောင်းသိရသည်။
လက်ရှိ ဒေါ်လာဈေးကွက်တွင် အမေရိကန်ဒေါ်လာဈေးအနည်းငယ်တက်လာပြီး ထိုင်းဘတ်နှင့် တရုတ်ယွမ် နိုင်ငံခြားငွေလဲလှယ်နှုန်းထားများလည်း မြင့်တက်နေကြောင်း ဈေးကွက်အတွင်းက သိရသည်။
ဧပြီ ၁ ရက်နေ့တွင် အမေရိကန်တစ်ဒေါ်လာ ၃,၉၂၀ ကျပ်ရှိရာမှ မေလ ၂ ရက်နေ့တွင် ၃,၉၈၀ ကျပ်ရှိရာ တစ်လအတွင်း ကျပ်ငွေ ၆၀ ကျပ်မြင့်တက်လာပြီး မြန်မာကျပ်ငွေတန်ဖိုးပိုမိုကျဆင်းလာနေပြီဖြစ်သည်။
“ စစ်ကောင်စီလက်ထဲမှာ ဒေါ်လာမရှိဘူးလေ။ သူတို့ရောင်းပေးတယ်ဆိုတာက အပြောပဲရှိတာ။ ဈေးကွက်ထဲ တစ်ကယ် မရောက်လာဘူး။ သူတို့လက်ထဲမှာပဲ။ ဒေါ်လာလိုတဲ့သူတွေက ဘဏ်တွေကနေ ဖောင်တင်ပြီး စောင့်ဝယ်ရတယ်။ ကျန်တာကို ပြင်ပဈေးကွက်ကနေဝယ်ရတယ်” ဟု နိုင်ငံခြားကုန်သွယ်လုပ်ငန်း လုပ်သူတစ်ဦးကဧရာ၀တီတိုင်းမ်ကို ပြောသည်။
ထို့ပြင်တရုတ်ယွမ်ဈေးနှုန်းသည် ဧပြီ ၁ ရက်နေ့တွင် ၅၁၈ ယွမ်ဈေးရှိလာရာ မေ ၂ ရက်နေ့တွင် တစ်ယွမ်လျှင် ၅၄၀ ကျပ်ရှိကြောင်းဈေးကွက်အတွင်းသိရသည်။
ထိုင်းဘတ်ငွေလဲနှုန်းထားတွင် ဧပြီ ၁ ရက်နေ့တွင် ထိုင်းတစ်ဘတ် ၁၀၅ ကျပ်ရှိရာ မေ ၂ ရက်နေ့တွင် ထိုင်းတစ်ဘတ် ၁၀၇ ကျပ်ရှိပြီး တစ်လလျှင် ၂ ကျပ်မှ ၅ ကျပ်နီးပါး ပုံမှန်ဈေးတက်လာကြောင်းသိရသည်။
“ ငွေလဲနှုန်းတွေအကုန်တက်နေတော့ အွန်လိုင်းဈေးရောင်းရတာလည်း အဆင်မပြေဘူး။ ငွေဈေးမငြိမ်တော့ တချို့အလှကုန်နဲ့ အဝတ်အထည်တွေဆိုရင် ပိုက်ဆံကြိုပေးပြီးမှာမှ ဝယ်ပေးတာမျိုးလုပ်တယ်။ တချို့က မှာရင်ကြာလို့မလိုချင်ကြဘူး။ ငွေလဲနှုန်းတွေတက်နေတော့ ပစ္စည်းဝယ်ထားဖို့လည်းအဆင်မပြေဘူး။ ဈေးကတစ်မျိုး တစ်မျိုးဖြစ်နေတယ်” ဟု အွန်လိုင်းမှ အလှကုန်ရောင်းချသူတစ်ဦးက ပြောကြားသည်။
#ပြည်တွင်းရွှေဈေးနှုန်း
ကမ္ဘာ့ရွှေဈေးနှင့် ဒေါ်လာဈေးတက်လျှင် ပြည်တွင်းရွှေဈေးနှုန်းမြင့်တက်သည်။ ကမ္ဘာ့ရွှေဈေးကျလျှင် ပြည်တွင်းရွှေဈေးနှုန်းလိုက်ပါကျဆင်းခြင်းမရှိဘဲ ဈေးအမြင့်မှာပင်ရှိနေကြောင်းသိရသည်။
ပြည်တွင်းရွှေဈေးနှုန်းအတက်မှာပင်ရှိနေပြီး ဧပြီ ၁ ရက်နေ့တွင် အကယ်ဒမီအခေါက်ရွှေ တစ်ကျပ် ၄၄ သိန်းကျော်ရှိရာ မေလ ၂ ရက်နေ့တွင် ၄၇ သိန်းကျော်ရှိကြောင်း ရွှေဆိုင်များထံက သိရသည်။
အကယ်ဒမီအခေါက်ရွှေတစ်ကျပ်သားလျှင် ဧပြီ ၁ ရက်နေ့တွင် ကျပ် ၄,၄၅၀,၀၀၀ သိန်း မေ ၂ ရက်နေ့တွင် ၄,၇၅၅,၀၀၀ရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း၏ အကယ်ဒမီရွှေဈေးသတ်မှတ်ချက်တွင် တစ်ကျပ်သားလျှင် ကျပ် သိန်း ၄၀ ထိရောက်ရှိနေပြီဖြစ်သည်။
ပြည်တွင်းရွှေဈေးကွက်အတွင်း ပြင်ပပေါက်ဈေးနှင့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းရည်ညွှန်း ဈေးနှုန်းထားတွင် တစ်ကျပ်သားလျှင် ကျပ် ၇ သိန်းကျော်ကွာဟလျက်ရှိကြောင်းသိရသည်။
ထို့ပြင်ရွှေဆိုင်များက ရွှေအတုံးရောင်းချပေးခြင်းမရှိသဖြင့် အကယ်ဒမီရွှေတုံးဝယ်ယူစုဆောင်းများကြားတွင် ကြိုက်ဈေးပေးပြီး အချင်းချင်းပြန်လည်ရောင်းချမှုများရှိကြောင်း ရွှေဈေးကွက်အတွင်းစုံစမ်းသိရသည်။
#ပြည်တွင်းစက်သုံးဆီဈေးနှုန်း
ပြည်ပသွင်းကုန်စက်သုံးဆီဈေးနှုန်းသည် စစ်ကောင်စီထိန်းချုပ်နေသည့်ကြားကပင် တဖြည်းဖြည်းမြင့် တက်လာနေသည်။ စစ်ကောင်စီသည် ဓာတ်ဆီနှင့် ဒီဇယ်အမျိုးအစားများကို တစ်လှည့်စီဈေးနှုန်း အတက်အကျဖြစ်စေအောင် ထိန်းချုပ်လျှက်ရှိသည်။
ဧပြီလအတွင်းက ၉၂ အောက်တိန်းသည် တစ်လီတာ ၂,၈၅၀ ကျပ်ဖြင့်အမြင့်ဆုံးဈေးရောက်ရှိပြီး ပရီမီယံဒီဇယ်သည် တစ်လီတာ ၂,၅၃၀ ကျပ်ဈေးနှုန်းဖြစ်ပေါ်ခဲ့သည်။
မေလ ၁ ရက်နေ့စက်သုံးဆီဈေးတွင် ဓာတ်ဆီနှင့်ဒီဇယ်နှစ်မျိုးထဲက တစ်မျိုးဈေးတက်ကာ တစ်မျိုးဈေးချ လိုက်ပြီး တစ်လီတာလျှင် ကျပ် ၆၅ ကျပ်မှ ၁၀၀ ကျပ်ကြား ဈေးကစားထားကြောင်း တွေ့ရသည်။
မေလ ၂ ရက်နေ့တွင် အောက်တိန်း ၉၂ တစ်လီတာ ၂,၈၄၅ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာ ကျပ် ၂,၉၆၀ ၊ ပရီမီယံဒီဇယ် ၂,၄၆၀ ကျပ်နှင့် ဒီဇယ် ၂,၄၁၀ ကျပ် ရှိကြောင်းသိရသည်။
ဧပြီ ၁ ရက်နေ့တွင် အောက်တိန်း ၉၂ တစ်လီတာ ကျပ် ၂,၇၉၅ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာ ကျပ် ၂,၉၁၅ ၊ ပရီမီယံဒီဇယ် ၂,၄၄၅ ကျပ်နှင့် ဒီဇယ် ၂,၄၀၀ ကျပ်ရှိကြောင်း စက်သုံးဆီတင်သွင်းသို လှောင်ဖြန်းဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရသိရသည်။
#အခြေခံစားသောက်ကုန်ဈေးနှုန်း
အယ်နီညိုရာသီဥတုကြောင့် အပူချိန်မြင့်တက်နေသဖြင့် ဟင်းသီးဟင်းရွက်ဈေးနှုန်းများမြင့်တက်နေသည်။ စပါးဈေးနှုန်းကျဆင်းနေကာ ဆန်ဈေးနှုန်းမြင့်တက်နေကြောင်းသိရသည်။ ထို့ပြင် ပြင်ပသွင်းကုန်ပစ္စည်းများ ဈေးဆက်လက်မြင့်တက်နေဆဲဖြစ်သည်။ ယခုတစ်လအတွင်း ဆန်ဈေးနှုန်းသည် ဈေးအမြင့်မှာပင်ရှိနေပြီး ကျပ် ၂,၀၀၀ မှ ၈,၀၀၀ ကျပ် ကြားဈေးအတက်၊ အကျဖြစ်နေသည်။
လက်ရှိဆန်ဈေးသည်ဈေးတန်းအမြင့်တွင်ရှိနေကာ ရွှေဘိုအိုးဝင်အသစ် တစ်အိတ် ၁၆၅,၀၀၀ ကျပ်၊ ကျားပျံ ၁၄၇,၀၀၀ ကျပ်၊ တောင်ပျံ ၁၅,၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်းမွှေးအသစ် ၁၃၀,၀၀၀ ကျပ်၊ ပေါ်ဆန်းရိုးရိုးအသစ် ၁၂၈,၀၀၀ ကျပ်၊ ဇီယာ ကျပ် ၉,၅၀၀ ရှိကြောင်း ဆန်လက်လီလက္ကားရောင်းချသူထံက သိရသည်။
ပြည်တွင်းသုံးစွဲမှုများသော စားအုန်းဆီဈေးသည် ယခုတစ်ပတ်စစ်ကောင်စီသတ်မှတ်ချက်တွင် ရန်ကုန်အထိုင်ဈေးအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းသည် ဧပြီ ၂၉ ရက်မှ မေ ၅ ရက်နေ့အထိ စားအုန်းဆီတစ်ပိဿာလျှင် ကျပ် ၅,၂၂၀ ကျပ်ဖြစ်ကြောင်းထုတ်ပြန်သည်။
“ ဈေးက အကျမရှိဘူး။ သင်္ကြန်တွင်းကတည်းကဈေးက ဒီအတိုင်းပဲ။ ဟင်းသီးဟင်းရွက်တွေတော့ ဈေးပိုတက်တယ်။ ရာသီဥတုပူတော့ သူတို့လည်းမရောင်းရဘူးထင်တယ်။ ဆိုင်တွေမှာတောင်ညှိုးနေတယ်။ အဲဒီတော့အရင်းကြေအောင်ဈေးပိုထားတယ်ထင်ပါတယ်” ဟု ရန်ကုန်မြို့ခံအိမ်ရှင်မတစ်ဦးက ပြောကြားသည်။
လက်ရှိအချိန်ထိ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းအပါအဝင် စားအုန်းဆီတင်သွင်းသည့် ကုမ္ပဏီပူး ပေါင်းပြီး စစ်ကောင်စီသတ်မှတ်ဈေးနှုန်းဖြင့်စားအုန်းဆီရောင်းချရာနေရာများတွင် ပြည်သူများ တန်းစီးတိုးဝယ်နေရဆဲဖြစ်သည်။
ရာသီဥတုပူပြင်းမှုကြောင့် ဟင်းသီးဟင်းရွက်များ ဈေးမြင့်တက်နေပြီး စားဖိုဆောင်သီးနှံဈေးနှုန်းသည် အမြင့်ဈေးတွင်ရှိနေဆဲဖြစ်သည်။ ကြက်သွန်နီ တစ်ပိဿာ ၃,၀၀၀ ကျပ်၊ ကြက်သွန်ဖြူတစ်ပိဿာ ၁၂,၀၀၀ ကျပ်၊ အာလူးတစ်ပိဿာလျှင် ၂,၅၀၀ ကျပ်ဖြစ်ကြောင်း ဈေးကွက်အတွင်းက စုံစမ်းသိရသည်။
(ဧရာ၀တီတိုင်းမ်သတင်းဌာနအနေဖြင့် ရန်ကုန်မြို့အတွင်းရှိစျေးကွက်၊ ညောင်ပင်လေး ဈေးနှင့် လက်လီဈေးကွက်တို့တွင် ဧပြီ ၁ ရက်နေ့မှ မေ ၂ ရက်နေ့အတွင်း ကောက်ယူ ထားခြင်းဖြစ်ပြီး အချိန်နှင့် အမျှဈေးနှုန်း အပြောင်းအလဲ ဖြစ်ပေါ် နိုင်ပါသည်။)
#ဒေါ်လာရွှေစက်သုံးဆီဈေးနှုန်း #အခြေခံစားသောက်ကုန်ဈေးနှုန်း #စျေးကွက်သတင်း #ဧပြီ၁မှမေ၂ရက် #Ayeyarwaddy_Times