
ဧရာဝတီတိုင်းမ်
မေ ၁ ရက်
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ် ရှားခဲတိုက်နယ်ရှိဒေသခံလုပ်ငန်းရှင်အမျိုးသမီးနှစ်ဦးကို တော်လှန်ရေးအဖွဲ့များအားထောက်ပံနေသည်ဟုဆိုကာ ဖမ်းဆီးခံထားရကြောင်း မိသားစုနှင့် နီးစပ်သူများထံက သိရသည်။
ဟင်္သာတမြို့နယ် ရှားခဲတိုက်နယ်ရှိ ကုန်စုံရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သည့် အသက်၄၀နှစ် အရွယ်ရှိသူ ဒေါ် မိသင်းဆိုသူနှင့် ပိတောက်ရွှေဝါလမ်းရှိ စားသောက်ဆိုင်ပိုင်ရှင်ဖြစ်သည့် အသက်၃၅ နှစ်အရွယ် မဖြူဖြူကျော်ဆိုသူ တို့အားပြီးခဲ့သည့်ဧပြီလ၂၅ရက်နေ့လည်က နေအိမ်များသို့ လာရောက်၍ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ဖမ်းဆီးခံထားရသူများကို ဟင်္သာတမြို့နယ်ရဲစခန်း၌ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ၅၀(ဃ)ဖြင့် အမှုဖွင့်၍ စစ်ဆေးရေးပြုလုပ်နေကြောင်း မြို့နယ်ရဲစခန်းနှင့်နီးစပ်သည့်ရဲသတင်းအရင်းအမြစ်ထံကသိရသည်။
“ကုန်စုံဆိုင်ရှင်တစ်ဦးနဲ့စားသောက်ဆိုင်ရှင် တစ်ဦးကို PDFအဖွဲ့တွေကို ထောက်ပံ့နေတယ်ဆိုပြီး လာတိုင်လို့ စခန်းမှာပဲဖမ်းပြီးစစ်ဆေးနေတယ်။ အမှုကတော့အကြမ်းဖက်ပုဒ်မနဲ့ ဖွင့်ထားတယ်။အခြားဘယ်သူတွေနဲ့ဆက်စပ်မှုရှိနေလဲစစ်ဆေးနေတယ်ပေါ့။”ဟု ဟင်္သာတမြို့နယ် ရဲစခန်းနှင့်နီးစပ်သည့် ရဲအရာရှိတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ယင်းကဲ့သို့ ဖမ်းဆီးထားမှုအပေါ်ပြန်လည် လွှတ်ပေးရန်အတွက် ဟင်္သာတမြို့နယ်ရဲစခန်းမှူး၊မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်ခလရ(၁၈)ရှိစစ် ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့မှ ဗိုလ်ကြီးဖြစ်သူတို့က ငွေကျပ်သိန်း ၂၀၀ ပေးရန် တောင်းခံမှုများ ရှိနေကြောင်း ဖမ်းဆီးခံရသူ၏ မိသားစုဝင်များနှင့် နီးစပ်သူထံကသိရသည်။
“ပြန်လွှတ်ချင်ရင် ရဲစခန်းမှူးနဲ့ စရဖအရာရှိကို ငွေသိန်းတစ်ရာစီပေးရမယ်ဆိုပြီးနယ်ထိန်းတစ်ယာက်ကဖုန်းဆက်ပြောတယ်။ မပေးရင်တခါထဲဟင်္သာတထောင်ကိုတန်းပို့မယ်ဆိုပြီးတော့ခြိမ်းခြောက်ခံနေရတယ်။ ဒီအချိန်ကဘယ်လိုလုပ်သိန်းနှစ်ရာဘယ်လိုလုပ်ရနိုင်မလဲ။တကယ့်ကိုဒုက္ခပေးနေတာ “ဟု ဖမ်းဆီးခံရသူ၏ မိသားစုနှင့် နီးစပ်သူတစ်ဦးကဆိုသည်။
အလားတူ ရှားခဲတိုက်နယ် မဲဇလီကုန်းလမ်းရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးအား ပြီးခဲ့သည့် ဧပြီလ ၂၆ရက်နေ့ က စစ်ကောင်စီတပ်ဖွဲ့မှ လာရောက်ဖမ်းဆီးစဉ် လူမတွေ့ရှိ၍ ၎င်းပိုင်ဆိုင်သည့်ငွေကျပ်သိန်း ၅၀၀ကျော်အပါအဝင် ရွှေနှင့်လက်ဝတ်ရတနာများ(ကာလတန်ဖိုးငွေကျပ်သိန်းတစ်ထောင်နီးပါး)ကိုသိမ်းဆည်းယူဆောင်သွားကြောင်းမြို့ခံများထံသိရသည်။
#ဟင်္သာတမြို့နယ် #ရှားခဲတိုက်နယ် #ဒေသခံလုပ်ငန်းရှင် #အမျိုးသမီး၂ဦး #တော်လှန်ရေးအဖွဲ့များ #Ayeyarwaddy_Times