အယိုက်လင်း/ဧရာဝတီတိုင်းမ်
မေ ၁ ရက်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ဘင်္ဂလားဒေ့ရှ်မှ ရခိုင်တိုင်းရင်းသားများ လာရောက်နေထိုင်ရန်အတွက် အာရက္ခတပ်တော်(AA)က ဒေသခံပြည်သူများကို ကြိုတင်ပြင်ဆင်ခိုင်းမှုများ ပြုလုပ်နေကြောင်း သိရသည်။

ပလက်ဝမြို့နယ်၊ ကုလားချောင်းဒေသရှိ ကျေးရွာများတွင် အာရက္ခတပ်တော်(AA)မှ ဧပြီလ တတိယအပတ်ကစ၍ တစ်ရွာလျင် ဝါးအလုံးရေ တစ်ထောင် ခုတ်ခိုင်းထားပြီး အဆိုပါ ဝါးသည် ဘင်္ဂလားဒေ့ရှ်မှ အိမ်ခြေ တစ်ထောင်နီးပါး ပလက်ဝမြို့နယ်တွင် လာရောက်နေထိုင်သူများတွက် ခုတ်ခိုင်းထားခြင်းဖြစ်သည်။

“ဘင်္ဂလားဒေ့ရှ်က ရခိုင်လူမျိုးတွေ မီးဇာရွာမှာ နေဖို့ဆိုပြီး AA က ဝါး၊ သစ်ခုတ်ခိုင်းထားတာဖြစ်ပါတယ်။ တစ်ရွာကို ဝါးတစ်ထောင် ခုတ်ပေးရမယ်ပြောပြီး မနက်ဖြန် အစုံပေးပို့ရမယ်ပြောတယ်။ ရွာကြီးရင် ကြီးသလို ခုတ်ခိုင်းထားပါတယ်။ ဘင်္ဂလားက လူဦးရေ ဘယ်လောက်လာမလဲဆိုတာ သေချာမသိရသေးဘူး။ အိမ်ခြေ ခြောက်ရာ လို့ကြားတယ်။ တချို့က တစ်ထောင်လို့လည်းကြားရတယ်” ဟု ပလက်ဝမြို့နယ် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဒေသခံပြည်သူကို တစ်ရွာလျင် ဝါးအလုံးရေ တစ်ထောင် ခုတ်ခိုင်းထားခြင်းသည် မှန်ကန် ကြောင်း ဒေသတွင်း လူမှုရေး ဆောင်ရွက်နေသူများထံက သိရှိရသည်။

“ကျွန်တော် ကြားရတာက မီးဇာရွာမှာ ဘင်္ဂလားဒေ့ရှ်ဘက်က ရခိုင် အိမ်ခြေ (၂၀၀၀) ကျော် လာမယ်လို့ကြားတယ်။ သူတို့အတွက် အိမ်ဆောက်ပေးဖို ဒေသခံတွေကို သစ်၊ဝါး ခုတ်ခိုင်းတယ်” ဟု ဒေသတွင်း လူမှုရေးဆောင်ရွက်နေသူတစ်ဦး ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ ဘင်္ဂလားဒေ့ရှ်ဘက်မှ ဝင်ရောက်လာမည့် အရေအတွက်ကို ဧရာဝတီတိုင်းမ်သတင်းဌာအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

အလားတူ ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာတွင် ဧပြီလ ၁၉ ရက်နေ့က ကျင်းပပြုလုပ်သည့် အာရက္ခတပ်တော်(AA)၏ အစည်းဝေးတွင် ဒေသခံများအနေဖြင့် အသက် ၁၈ နှစ်မှ အသက် ၄၀ နှစ်အတွင်းရှိ အမျိုးသားများသည် အခြေခံ စစ်သင်တန်းတက်ရောက်ပြီး စစ်မှုထမ်းရမည်ဟု ဆိုသည့်အတွက် စစ်သင်တန်းတက်ပြီး စစ်မှုထမ်းဆောင်လိုခြင်း မရှိသည့် ဒေသခံ အယောက် ၄၀ ကျော်သည် ယမန်နေ့ ဧပြီလ ၃၀ ရက်နေ့တွင် မီဇိုရမ်ဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

“မနေ့ ညနေက အယောက် ၄၀ ပထမ တစ်သုတ်ရောက်လာပြီး ဒီနေ့ မနက်အစောပိုင်းက ဒုတိယအသုတ် ခုနှစ်ယောက် ထပ်ရောက်လာတယ်။ အကုန်လုံးက အသက် ၃၀ ဝန်းကျင် လူငယ်တွေပါ။ သူတို့တွေက AA ဆီမှာ စစ်ပညာမသင်ချင်လို့ စစ်မှုမထမ်းဆောင်ချင်လို့ ထွက်ပြေးလာကြတဲ့ လူငယ်တွေပါ။ နောက်ထပ်လည်း ဝင်ရောက်လာနိုင်တဲ့ လူတွေလည်းရှိပါသေးတယ်” ဟု ထွက်ပြေးတိမ်းရှောင်လာကြသည့် လူငယ်များကို ကူညီစောင့်ရှောက်ပေးသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ ထွက်ပြေးတိမ်းရှောင်လာကြသည့် လူငယ်များသည် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်တွင်နေထိုင်ပြီး ၎င်းတို့သည် နေထိုင်စားသောက်ရေးအတွက် အကူအညီများလည်း လိုအပ်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ- မီဇိုရမ်ဘက်သို့ ထွက်ပြေးရောက်ရှိလာကြသည့် လူငယ်များနှင့် ကုလာချောင်းဒေသရှိ ကျေးရွာတစ်ရွာတွင် ဝါးများစုပုံထားသည်ကို မြင်တွေ့ရစဉ်

#ပလက်ဝမြို့နယ် #ဘင်္ဂလားဒေ့ရှ် #လာရောက်နေထိုင်သူများအတွက် #ပြင်ဆင်နေ #Ayeyarwaddy_Times