ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ မေ ၁ ရက်

တနင်္သာရီ တိုင်း ၊ ရေဖြူမြို့နယ် ၊ ဇာဒီ ရွာ နဲ့ ခေါင်ပြန်ရွာ ကြားရှိ ကားလမ်းပိုင်းကို စစ်ကောင်စီတပ်က အင်အားအများအပြား ဖြင့်ရောက်လာကြပြီး ဘတ်ဟိုးနဲ့ ဖျက်ဆီးဖြတ်တောက်သွားပြီး လမ်းကို ပိတ်ဆို့ထားလိုက်ကြောင်း ဒေသခံများထံမှသိရသည်။

ပြီးခဲ့သော ဧပြီလ ၂၉ ရက် နေ့လည် ၁၂ နာရီခန့်က အုန်းပင်ကွင်းရွာ အခြေစိုက် မောရဝတီရေတပ်နှင့် ကံပေါက်အခြေစိုက် ခလရ (၂၇၃) တပ်ရင်းတို့မှ စစ်ကောင်စီတပ်သား အင်အား (၁၀၀) ဝန်းကျင် ခန့်က စစ်ကား ငါးစီး ဘတ်ဟိုး တစ်စီး ဖြင့်ရောက်လာ ကြကြောင်း ဒေသခံများကပြောသည်။

ထိုနောက် ခေါင်ပြန်မှ ဇာဒီကိုလာသည့် ကားလမ်းပိုင်းတစ်နေရာကို ဘတ်ဟိုး နဲ့ ကန့်လန့်ဖြတ်တူး၍ ဖြတ်တောက်လိုက်သည့်အပြင် ဇာဒီတံတားအကျော်နား နှစ်နေရာကိုလည်း လမ်းဘေးရှိ မြေကြီး များကိုတူး၍ လမ်းပေါ်တွင် ပိတ်ဆို့ထားလိုက်ကြောင်း ဒေသခံတို့ကဆိုသည်။

“လမ်းကိုကန့်လန့်ဖြတ် ဖျက်ဆီးထားတာကတစ်နေရာ။လမ်းပေါ်မှာမြေကြီးပုံထားတာက နှစ်နေရာ။အားလုံးသုံးနေရာဖျက်ဆီးထားတာ။အခုဖြတ်တောက်ထားတဲ့ သုံးနေရာ က ကိုက် ၃၀ လောက်ပဲ့ကွာတာ။PDF တွေ ကံပေါက်က တပ်ရင်းတွေ ကို ကားလမ်းကနေလာပြီး တိုက်ခိုက်မှာကြောက်လို့ အခုလို လမ်းကိုဖျက်ဆီးပစ်လိုက်တာပါ။အခုလောလောဆယ် ကားတွေသွားမရဘူး။ဒေသခံတွေ အခက်အခဲဖြစ်နေကြတယ်” ဟု ဇာဒီကျေးရွာ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီတပ်က ဖြတ်တောက် လိုက်သည့် ဇာဒီ – ခေါင်ပြန် လမ်းပိုင်းသည် ကံပေါက် ဒေသ မှ ၁၂ မိုင်ခန့်အကွာအဝေးတွင်ရှိသည်။

ထို့ပြင် ဇာဒီကျေးရွာသို့ရောက်ရှိလာသော စစ်ကောင်စီတပ်သားများသည် လမ်းသွားလမ်းလာ ဒေသခံပြည်သူ ခြောက်ဦး ကို လက်ပြန်ကြိုးတုပ်ကာ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

” စစ်ကောင်စီတပ်က အားလုံးခြောက်ယောက်ဖမ်းလိုက်တယ်။ကံပေါက် ရွာသား နှစ်ဦးကိုတော့ ပြန်လွှတ်ပေးခဲ့တယ်။ ကျန်တဲ့ လေးဦးကို တော့ ကားပေါ်တင်ပြီးခေါ်သွားတယ်။အဲဒီထဲမှာ မိန်းကလေးတစ်ဦးပါတယ်။အခုချိန်အထိ ပြန်လွတ်မလာသေးဘူး”ဟု ခေါင်ပြန်ရွာက ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဇာဒီကျေးရွာသို့ရောက်ရှိလာသော စစ်ကောင်စီတပ်သားများသည် ဧပြီလ ၂၉ ရက် ညနေ ၅ နာရီခန့်အချိန်တွင် ကံပေါက်ဘက် သို့ပြန်လည်ထွက်ခွာသွားကြောင်းသိရသည်။

စစ်ကောင်စီတပ်က အခု ဖြတ်တောက်ဖျက်ဆီးလိုက်သည့် လမ်းသည် NLD အစိုးရက လက်ထက်က ခင်းထားသောကွန်ကရစ်လမ်း ပဖြစ်သည်။

ပုံစာ-စစ်ကောင်စီတပ်က ဖြတ်တောက်ဖျက်ဆီးလိုက်သော လမ်းပိုင်း မြင်ကွင်း။
#ရေဖြူမြို့နယ် #ဇာဒီရွာ #ခေါင်ပြန်ရွာ #ကားလမ်းပိုင်းကို #စစ်ကောင်စီတပ်ဖျက်ဆီး #Ayeyarwaddy_Times