
ဧရာဝတီတိုင်းမ်
ဧပြီ ၂၇ရက်
ပြင်ဦးလွင်နှင့် ၁၀ မိုင်ခန့်သာကွာဝေးသည့် နောင်ချိုမြို့နယ်၊ သရက်ကုန်းကျေးရွာ၌ စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) တို့တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ခန့်သေဆုံးပြီး လေကြောင်းမှ အပြင်းအထန်တိုက်ခိုက်လျက် ရှိကြောင်း သိရသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ဧပြီ ၁၉ရက်နေ့မှစတင်၍ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က သိမ်းပိုက်ထားသည့် သရက်ကုန်းရွာရှိ စစ်စခန်းကို ပြန်လည်ရရှိရန် ထိုးစစ်ဆင်တိုက်ခိုက်လာရာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီး တစ်ပတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ခန့်သေဆုံးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ။ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ကထုတ်ပြန်သည်။
ပြင်ဦးလွင်မြို့အနီးရှိ စစ်ကောင်စီတပ်စွဲထားသော သရက်ကုန်းကျေးရွာကို ပြီးခဲ့သည့် ဧပြီ ၁၅ ရက်နေ့ နံနက်အစောပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တစ်နေကုန် နီးပါး တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ညနေခင်းပိုင်းတွင် သရက်ကုန်းကျေးရွာ စစ်စခန်းအား အပြီးသတ် သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှု (၆) ကြိမ် ပြုလုပ်ခဲ့သော်လည်း သရက် ကုန်းရွာရှိ စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်ရှိ သရက်ကုန်းကျေးရွာစစ်စခန်းသည် စစ်ကောင်စီ၏ စစ်တက္ကသိုလ်(DSA) တည်ရှိရာ ပြင်ဦးလွင်မြို့နှင့် ၁၀ မိုင်ခန့်အကွာတွင် တည်ရှိသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် လေယာဉ်ဗုံးကြဲ တိုက်ခိုက်မှု များကြောင့် အရပ်သား နေအိမ်များ ထိမှန်ပျက်စီးခဲ့ကာ စစ်ကောင်စီဘက်မှ သေဆုံး မှုများပြီး ထိခိုက်မှုများစွာရှိခဲ့ကာ လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံအပါအဝင် ခဲယမ်း အမြောက်အများရရှိခဲ့ကြောင်း MOD ကထုတ်ပြန်သည်။
စခန်းသိမ်းပိုက်အပြီး ၄ ရက်အကြာတွင် စစ်ကောင်စီတပ်မှ သရက်ကုန်းကျေးရွာအား ပြန်လည်ရရှိရန် ဧပြီလ ၁၉ ရက်နေ့မှ စ၍ ကြည်းကြောင်း၊ လေကြောင်းဖြင့် ပြင်းထန်စွာ တန်ပြန်ထိုးစစ်ဆင်လာခြင်းဖြစ်သည်။
ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို ဧပြီ ၁၉ ရက်နေ့ တိုက်ပွဲတွင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များက ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၅ ဦးခန့်သေဆုံးပြီး ထိခိုက်ဒဏ်ရာရမှု များပြားခဲ့သည်။
ဧပြီ ၂၀ ရက်နေ့ တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးရဲဘော် နှစ် ဦး ကျဆုံးခဲ့ပြီး ဧပြီ ၂၁ ရက်နေ့ တိုက်ပွဲတွင် စစ်ကောင်စီ တပ်သား ၁၃ ဦး သေဆုံးပြီး ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
စစ်ကောင်စီက ဧပြီ ၂၁ ရက်နေ့တွင် စစ်ရေးပစ်မှတ် မဟုတ်သည့် သာသနာ့ အဆောက်အဦးများဖြစ်သည့် ပါဟက်ရွာ ဘုန်းကြီးကျောင်း၊ ဇာလီရွာ ဘုန်းကြီးကျောင်း၊ သရက်ကုန်း ဘုန်းကြီးကျောင်းများသို့ လေကြောင်းတိုက်ခိုက်မှု (၇) ကြိမ် ပြုလုပ်ခဲ့ ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) က ထုတ်ပြန်ထားသည်။
ဧပြီ ၂၂ ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီး တည်နေရာသို့ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံး ဦး သေဆုံးပြီး ခုနစ် ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ထို့နောက် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့သည့် ဧပြီ ၂၃ ရက်နေ့မှ ပြီးခဲ့သည် ၂၅ ရက်နေ့အထိ ၃ ရက်တာအတွင်း စစ်ကောင်စီဘက်က ၂၈ ဦးထပ်မံသေဆုံးခဲ့ပြီး ၁၆ ဦးအပြင်း အထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ၏ စစ်တက္ကသိုလ်(DSA) တည်ရှိရာ ပြင်ဦးလွင်မြို့နှင့် ၁၀ မိုင်အကွာ ရှိ သရက်ကုန်း ကျေးရွာ စစ်တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ MA-1၊ MA-2၊ MA-3၊ MA-4၊ MA-5၊ MA-11၊ ၆၀ မမ မော်တာ စုစုပေါင်း ၆၁ လက်အပါအဝင် ခဲယမ်းမီးကျောက်များ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် အဆိုပါတိုက်ပွဲများအတွင်း လေကြောင်းတိုက်ခိုက်မှု (၃၂) ကြိမ် ပြုလုပ်ခဲ့ရာ စစ်ရေးပစ်မှတ် မဟုတ်သည့် သာသနာ့အဆောက်အဦးများ ဖြစ်သည့် ဘုန်းကြီးကျောင်းများအတွင်းသို့ (၂၆) ကြိမ် ကျရောက်ခဲ့ပြီး ပြည်သူများ နေထိုင်သည့် ကျေးရွာများအတွင်းသို့ (၈) ကြိမ် ကျရောက်ပေါက်ကွဲခဲ့ကြောင်း MOD က အသိပေးထုတ်ပြန်ထားသည်။
ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး)က ပြီးခဲ့သည့် ဧပြီ ၁၄ ရက်နေ့၊ သင်္ကြန်အကျနေ့တွင်လည်း ပြင်ဦးလွင်မြို့ရှိ DSA စစ်တက္ကသိုလ်ကျောင်းဝန်း အတွင်းသို့ ရှော့တိုက်ဒုန်းအလုံး ၂၀ ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
ပုံစာ- သရက်ကုန်းတိုက်ပွဲအတွင်း သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ
#ပြင်ဦးလွင် #၁၀မိုင်အကွာ #နောင်ချို #သရက်ကုန်းရွာ #စစ်ကောင်စီ #ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) #တိုက်ပွဲဖြစ် #Ayeyarwaddy_Times
င