
အယိုက်လင်း/ ဧရာဝတီတိုင်းမ်
ဧပြီ ၂၄ ရက်
အာရက္ခတပ်တော်(AA)၏ ထိန်းချုပ်ထားသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် တိုက်ပွဲမရှိသော်လည်း ဒေသခံပြည်သူများသည် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်သို့ နေ့စဥ် ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တယားများ အားလုံးရပ်တန့်သွားသည့် ပလက်ဝမြို့နယ်ရှိ ဝန်ထမ်းများသည် အာရက္ခတပ်တော်(AA)၏ လက်အောက်တွင် ပြန်လည်တာဝန်ထမ်းရမည်ဖြစ်ကြောင်းနှင့် ဒေသခံလူငယ်များအနေဖြင့်လည်း AA၏ လူသစ်စုဆောင်းခြင်းခံရမည်ကို စိုးရိမ်သောကြောင့် ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။
“AA က အရင် အစိုးရဝန်ထမ်းတွေ သင်္ကြန်ပွဲပြီးရင် သူတို့လက်အောက်မှာ အလုပ်ပြန်ဝင်ရမယ် ပြောတယ်။ ဒေသခံ လူငယ်တွေကိုလည်း လူသစ်စုဆောင်းမယ်လို့ AA အသိုင်းဝိုင်းတွေဆီကနေတဆင့် ကျွန်တော်တို့ ကြားရတယ်။ ဒေသခံတွေက သူတို့လက်အောက်မှာ တာဝန်မထမ်းဆောင်ချင်လို့ ထွက်ပြေးလာကြတာဖြစ်တယ်။ စစ်တပ်အုပ်ချုပ်တုန်းကလည်း ခြိမ်းခြောက်ခံရတယ်။ မိသားစုစားဝတ်ရေးအတွက် မလွဲမရှောင်သာလို့ လုပ်နေရတယ်။ အခုတော့ ရတဲ့နည်းလမ်းနဲ့ လွတ်ရာလွတ်
ကြောင်း ထွက်ပြေးလာကြတာပါ” ဟု ထွက်ပြေးလာသည့် ပလက်ဝ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပလက်ဝမြို့နယ်မှ ထွက်ပြေးတိမ်းရှောင်လာကြသည့် ပြည်သူများသည် မီဇိုရမ်ပြည်နယ်၊ ဆိုက်ဟားမြို့နှင့် လောက်တလိုင်မြို့တို့တွင် နေ့စားအလုပ်လုပ်ကိုင်ပြီး နေထိုင်စားသောက်နေရကြောင်း သိရသည်။
ထို့အပြင် ပလက်ဝမြို့နယ်ရှိ ဒေသခံပြည်
သူများသည် ခရီးထွက်လျင် AA ခန့်အပ်သည့် အုပ်ချုပ်ရေးမှူးထံ ထောက်ခံချက်ယူရပြီး ၎င်းထောက်ခံချက်ရရှိပြီးမှ ခရီးထွက်ရကြောင်းအဆိုပါ ထောက်ခံချက်ရရှိရန် ငွေကြေး ၁၀၀၀ ကျပ်နှင့်အထက် ပေးယူရကြောင်း သိရှိရသည်။ ၎င်းတို့၏ ထောက်ခံချက်မပါလျင် AA ၏ စစ်ဆေးရေးဂိတ်တွင် ဖြတ်သန်းခွင့်မရဘဲ နောက်ပြန်လှည့်ရသည်ဟု ဆိုသည်။
“ကျွန်တော် ခရီးထွက်မယ်ဆို AA အုပ်ချုပ်ရေးမှူးထံ စာရင်းသွင်းရတယ်။ ဘယ်သွားမလဲ၊ ဘယ်နှစ်ရက်ကြာမလဲ၊ ဘယ်အထိသွားမလဲဆိုတာ ပြောပြရတယ်။ အဲ့ဒါပြောပြမှ သူတို့ ခွင့်ပြုချက် စောင့်ဆိုင်းရတယ်။ ခွင့်ပြုချက် ထောက်ခံစာရမှ ခရီးထွက်ရတယ်။ အဲ့ဒီ ထောက်ခံစာရဖို့ ငွေ ၁၀၀၀ ကျပ်အထက် ပေးရတယ်။ ငွေ ၁၀၀၀ ဆိုတာ ဘာမှမဟုတ်ပေမယ့်လည်း ကျွန်တော်တို့အတွက်တော့ ဒီကာလမှာ ရှာဖို့မလွယ်ဘူး။ ထောက်ခံချက်မပါရင် AA စစ်ဆေးရေးဂိတ်က သွားဖို့မပေးဘဲ နောက်ပြန်လှည့်ခိုင်းပါတယ်။”ဟု ဆမီးမြို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့၏ တိုက်ပွဲတွင်း ထွက်ပြေးတိမ်းရှောင်နေကြသည့် ပလက်ဝမြို့ ဒေသခံအများသည် ယနေ့ထိ နေရပ်မပြန်နိုင်ကြသေးကြောင်းနှင့် ပြီးခဲ့သည့် မတ်လတွင်လည်း AA က ခန့်အပ်သည့် အုပ်ချုပ်ရေးအဖွဲ့ဝင်များသည် ဒေသခံပြည်
သူများ၏ ပိုင်ဆိုင်မှုစာရင်းဇယားများကို မှတ်တမ်းကောက်ယူထားကြောင်း သိရသည်။
#AAထိန်းချုပ် #ပလက်ဝမြို့နယ် #ဒေသခံပြည်သူများ #မီဇိုရမ် #ထွက်ပြေးနေဆဲ
#Ayeyarwaddy_Times