
ဧရာဝတီတိုင်းမ်
ဧပြီ ၂၀ ရက်
ရခိုင်ပြည်နယ်၊ စစ်တွေရှိ ဒုက္ခသည်စခန်းများနှင့် ကျေးရွာအချို့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနေပြီး မွတ်ဆလင်ကလေးငယ်များအပါအဝင် လူ ၈၀ နီး ပါးသေဆုံးခဲ့ကြောင်း သိရသည်။
ဒုက္ခသည်စခန်းများတွင် ပြီးခဲ့သည့် ဧပြီလ ပထမပတ်မှစတင်၍ ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ပွားမှု ကြောင့် အသက် ၁၂ နှစ်အောက် ကလေးငယ်များ အပါအဝင် လူ ၈၀ နီးပါးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒုက္ခသည် စခန်းများကို ကူညီနေသူထံက သိရသည်။
“ဒုက္ခသည်စခန်းတွေမှာ လူဦးရေက တိုးလာပြီး ရေသန့်နဲ့ ဆေးဝါးလိုအပ်ချက်က အရမ်းများလာတယ်။ အခု ဝမ်းပျက် ဝမ်းလျှောနဲ့သေတာမှာ ဆေးဝါး မလိုက်နိုင်တာကလည်း အဓိကအကြောင်းပေါ့။ စစ် တပ်က ဖြတ်လေးဖြတ်နဲ့ အကုန်ပိတ်ထားတော့ ဆေး ဝါးကစပြီး အကုန်ခက်ခဲကုန်တယ်။ အခုသေတဲ့လူ ၈၀ ဆိုတာကလည်း ကျွန်တော်တို့ စာရင်းကောက်နိုင် သလောက်ပဲ။ မကောက်နိုင်တဲ့စခန်းတွေမှာ ဘယ်လောက်သေလဲ မသိဘူး။ ဆေးဝါးအဓိကလိုနေပါတယ်”ဟု ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များကို ကူညီပေး နေသည့်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါဝမ်းပျက် ဝမ်းလျှောရောဂါနှင့် သေဆုံးသူများမှာ အုန်းတောကြီးဒုက္ခသည်စခန်း(တောင်)တွင် ၂၇ ဦး၊ အုန်းတောကြီး(မြောက်) ရှစ် ဦး၊ ဆေးသမားကြီးတွင် ၂၇ ဦး၊ အုန်းတောကြီးချေတွင် သုံး ဦး၊ ဒါးပိုင်တွင် ငါး ဦး၊ သက်ကယ်ပြင်တွင် တစ် ဦး၊ ဘာဆာရာတွင် တစ် ဦး၊ ဘာဆာရာကျေးရွာအတွင်းတွင် နှစ် ဦး၊ ဘုမေတွင် နှစ် ဦး၊ စုစုပေါင်း ၇၆ ဦးဖြစ်ကြောင်း သိရသည်။
ယင်းဒုက္ခသည်စခန်းများတွင် ဆေးဝါးများပြတ်လပ်နေပြီး အခြေခံစားသောက်ကုန်များလည်း လိုအပ် လျက်ရှိကာ ဒုက္ခသည်စခန်းများတွင် လူဦးရေတိုးလာသည့်အတွက် သောက်သုံးရေ အခက်အခဲများနှင့်လည်း ကြုံတွေ့နေရကြောင်း သိရသည်။
“ဝမ်းပျက် ဝမ်းလျှောလောက်က ခါတိုင်းဆို စခန်းက ဆေးဝါးတွေနဲ့တင် ကုလို့ရတယ်။ အခုက ဆေးဝါးတွေပါ ပြတ်လပ်နေတော့ အပြင်ထွက်ကုရင် ဆေးခန်းတစ်ခါပြ နှစ်သိန်းနီးပါးလောက်ကုန်တယ်။ အာဟာရမပြည့်ဝလို့ ကလေးအများစုကူးစက်ခံရပြီး သေကုန်ကြပါတယ်”ဟု ဒုက္ခသည်စခန်းနှင့်နီးစပ်သူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်တွေမြို့တွင် စားနပ်ရိက္ခာပြတ်လပ်နေပြီး ဆန်တစ် အိတ်လျှင် ၂၄၀,၀၀၀၊ စက်သုံးဆီတစ်လီတာ ၂၅,၀၀၀ တို့ဖြင့် ဝယ်ယူနေရပြီး အခြားသားငါးများကိုလည်း တစ်ပိဿာလျှင် ကျပ်သိန်းဂဏန်းနားကပ်၍ ဝယ်ယူနေရကြောင်း သိရသည်။
စစ်ကောင်စီသည် ရခိုင်စစ်ပွဲများစတင်လာသည့် နိုဝင်ဘာ ၁၃ ရက်နေ့ကတည်းက ရခိုင်ပြည်နယ်အဝင်အထွက်များကို ပိတ်ဆို့လိုက်သည့်အတွက် ရခိုင်ပြည် နယ်အနှံ့ ကုန်စည်စီးဆင်းမှုရပ်တန့်သွားပြီး အချို့နယ်မြေများတွင် ဆန်ကို ခွဲတမ်းဖြင့် ဝယ်ယူနေရကြောင်း သိရသည်။
ပုံစာ-စစ်တွေမြို့နယ်ရှိ ဒုက္ခသည်စခန်းတစ်ခုမှ ဒုက္ခသည်များ (ပုံဟောင်း)
#ရခိုင် #စစ်တွေ #ဒုက္ခသည်စခန်း #ဝမ်းပျက် #ဝမ်း လျှော #ရောဂါ #၈၀ နီးပါး #သေဆုံး #ဆေးဝါး #စားနပ်ရိက္ခာ #ပြတ်လပ် #Ayeyarwaddy_Times