
ဧရာဝတီတိုင်းမ်
ဧပြီ ၁၄ ရက်
ပြင်ဦးလွင်မြို့ရှိ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရောက်ရှိနေသည့် စစ်တက္ကသိုလ် ( DSA ) ကျောင်းနှင့် စစ်တပ်နည်းပညာတက္ကသိုလ် (DSTA)ကျောင်းကို ယနေ့ ဧပြီ ၁၄ ရက်နေ့ည ၉ နာရီခန့်က ရှော့တိုက်ဒုံးဖြင့်တိုက်ခိုက်ခံရပြီး စစ်ကောင်စီ တပ်ကပြန်လည်ပစ်ခတ်နေကြောင်း ပြင်ဦးလွင်မြို့ခံများထံက သိရသည်။
ယနေ့ ည ၉ နာရီ မထိုးခင် ၈နာရီ ၅၅ မိနစ်ခန့်ကစတင်၍ ပေါက်ကွဲသံခပ်တိုးတိုး တစ်ကြိမ်ကြားရပြီး ထပ်မံ၍ ပေါက်ကွဲသံကျယ်ကျယ်ကြားရပြီးစုစုပေါင်း အသံအချက် ၂၀ ခန့်ကြားရကာ စစ်ကောင်စီတပ်ကပြန်လည်ပစ်ခတ်သည့် အသံများကြားရကြောင်း မြို့ခံများထံက သိရသည်။
“ည ၉ နာရီမထိုးခင်လောက်က အသံအရင်ကြားရတယ်။ ဘာသံလဲမသိဘူး။ နောက်တစ် ခါထပ် သံကြားရတယ်။ ၉ နာရီနောက်ပိုင်းနဲ့ ၁၀ နာရီကြားထဲ အသံကျယ်ကျယ်တွေ အချက် ၂၀ ထက်မနည်းကြားရတယ်။ အနီးစခန်းနားကလူတွေလည်းကြား ရတယ်ပြောတယ် ” ဟု ပြင်ဦးလွင်မြိုခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အဆိုပါ ပစ်ခတ်သံများသည် စစ်တက္ကသိုလ် ကျောင်းအနောက်ဘက် ပန်းဦးတောင် ဘက်က ဖြစ်ပြီး ယခုပေါက်ကွဲသံနှင့်ပတ်သက်ပြီး ထိခိုက်မှု တစ်စုံတစ်ရာ ကြားသိရခြင်း မရှိသေးပေ။
ယနေ့ သင်္ကြန်ကာလ ဧပြီ ၁၄ ရက်နေ့ (အကျ) နေ့တွင် မန္တလေးမြို့တော်ဝန်မဏ္ဍပ် ပေါက်ကွဲပြီး လူသုံးဦးသေဆုံးကာ ဒဏ်ရာရသူများရှိကြောင်းသိရသည်။
#မင်းအောင်လှိုင် #ရောက်ရှိ #ပြင်ဦးလွင်#စစ်တက္ကသိုလ် #DSA #DSTAကျောင်း#တစ်ပြိုင်တည်း #ရှော့တိုက်ဒရုန်း #တိုက်ခိုက်ခံရ#Ayeyarwaddy_Times