အယိုက်လင်း/ ဧရာဝတီတိုင်းမ်

ဧပြီ ၁၂ ရက်

ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် စစ်ဘေးရှောင်များ၏ နေအိမ်များ မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၂၀ ကျော် မီးလောင်ဆုံးရှုံးသွားကြောင့် ဒေသခံများထံက သိရသည်။

မင်းတပ်မြို့၊ အရှေ့ပြင်ရပ်ကွက်ရှိ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ် အနီးတွင် ဧပြီလ ၁၁ ရက်၊ မွန်းလွဲ ၂ နာရီဝန်းကျင်က မီးလောင်မှုဖြစ်ပွားပြီး စစ်ဘေးရှောင်များ၏ နေအိမ်အများအပြား မီးလောင်ပြာကျသွားခြင်းဖြစ်သည်။

“ဘယ်အိမ်ကနေ မီးစလောင်တယ်ဆိုတာ သေချာမသိရဘူး။ အိမ်သားတွေလည်း မရှိဘဲနဲ့ မီးလောင်မှုဖြစ်သွားတယ်။ လူရှို့တဲ့ မီးဖြစ်ဖို့များပါတယ်။ မီးလောင်တဲ့ နေရာက တစ်အိမ်နဲ့ တစ်အိမ် ကပ်လျက်ဆိုတော့ မီးကူးဖို့လည်း လွယ်တယ်။ မီးစလောင်တုန်းက ငြှိမ်းမယ့်လူမရှိပေမယ့် ညနေပိုင်းမှာတော့ အရပ်သားတွေ ဝိုင်းဝန်ငြှိမ်းလို့ ၆ နာရီလောက်မှာ မီးငြိမ်းသွားပါတယ်။”ဟု အရှေ့ပြင်ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားသည့် နေရာတွင် စစ်ကောင်စီ၏ မြို့အဝင်/အထွက် စစ်ဆေးရေးဂိတ်ရှိသဖြင့် ယခင်က မကြခဏ တိုက်ခိုက်ခံရပြီး ဒေသခံများသည် ၎င်းတို့နေအိမ်တွင် မနေရဲသဖြင့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရခြင်း ဖြစ်သည်။

“အခုမီးလောင်တဲ့ နေရာမှာ စစ်တပ်ဂိတ်ရှိတယ်။ အရင်နှစ်တွေက CDF တွေက ခဏခဏ ထိတွေ့ပစ်ခတ်မှုရှိတယ်။ ။ အဲ့လို ပစ်ခတ်ခံရပြီဆိုရင် စစ်တပ်က အနီးအနားက အရပ်သားတွေဖမ်းတယ်။ ပြီးတော့ ဘေးပတ်လည်မှာ မိုင်းတွေထောင်တယ်။ အဲ့ဒါ ကြောင့် အရပ်သားတွေ မနေရဲတော့ ထွက်ပြေးသွားကြတာလေ။ ဒီနေ့ မီးစလောင်တုန်းကလည်း အရပ်သားတွေက မိုင်းကိုကြောက်လို့ မသွားရဲကြဘူးလေ”ဟု  အဆိုပါ အမျိုးသမီးက ဧရာဝတီတိုင်းမ်ကို ဆက်ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့ကလည်း မင်းတပ်မြို့ ဘဝသစ်ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွါးခဲ့ရာ ထွက်ပြေးတိမ်းရှောင်နေကြသည့် အရပ်သားနေအိမ် ရှစ်လုံး မီးလောင်ပြာကျသွားသည်။

ပုံစာ- ဧပြီလ ၁၁ ရက်နေ့တွင် မင်းတပ်မြို့ အရှေ့ပြင်ရပ်ကွက် မီးလောင်မှုကို တွေ့ရစဥ်။

#ချင်းပြည် #မင်းတပ် #စစ်ဘေးရှောင်နေအိမ် #မီးလောင်ပြာကျ #Ayeyarwaddy_Times