ဧရာဝတီတ်ိုင်းမ်
ဧပြီ ၁၁ ရက်

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ မရွေးကုန်းကျေးရွာအုပ်စုရှိ လူငယ် ၃၀ ကျော်သည် စစ်မှုမထမ်းဆောင်လိုသဖြင့် ဧပြီလ ၁ ရက် နေ့က ထွက်ပြေးတိမ်းရှောင်သွားကြကြောင်း ဒေသခံများထံကသိရသည်။

ထို လူငယ် ၃၀ ကျော်သည် စစ်မှုထမ်းဆောင်ရန် စာရင်းများထဲတွင် ထည့်သွင်းခံထားရပြီး စစ်ကောင်စီလက်အောက်ခံတစ်ဦး၏ တိတ်တဆိတ် သတင်းပေးမှုကြောင့် ကြိုတင်ထွက်ပြေးကြခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

“ခုက မဲမနှိုက်ခိုင်းတော့ဘူး၊ မဲပေါက်တယ်ဆိုပြီး စာရင်း နံပတ်တွေထည့်ထားပြီးသား။ ပြီးမှ မဲပေါက်တယ်ဆိုပြီး ခေါ် ပြီးတော့ သင်တန်းတက်ဘို့ ထည့်ပေးလိုက်တာ။ ဒါကို အတွင်းထဲက မင်းတို့မဲပေါက်တယ် မင်းတို့နံပတ်ပါတယ်ဆိုပြီး သတင်းပေးလို့ပြေးကြတာဟု” မရွေးကုန်းအုပ်စုရှိ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်မှုမထမ်းလိုသဖြင့် ထွက်ပြေးကြသည့် လူငယ်များ၏ကျေးရွာများမှာ မရွေးကုန်းအုပ်စု၊ ညောင်ရွာငယ်၊ ဂွေးဂေါင်းဂုံရွာ၊ ရွာသစ်ကုန်း၊ ကုန်းမကြီးရွာဖြစ်ကြကြောင်း ဒေသခံများကပြောသည်။

အဆိုပါ စစ်မှုထမ်းဆောင်ရန် မဲစာရင်းနံပတ်များ ထည့်သွင်းကြိုတင်စီစဥ်ထားကြသူများမှာ မရွေးကုန်းအုပ်စုရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုး ဦးသိန်းဝင်းနှင့် ၎င်း၏ နောက်လိုက်ဖြစ်သည့် ဦးကိုလင်းနှင့် ဦးခင်လှိုင်တို့ဖြစ်ကြောင်း သိရသည်။

“ဆေးရုံလုပ်အားပေးဆိုပြီးတစ်အိမ်တစ်ယောက်ခေါ်တယ်။ မလိုက်တဲ့အိမ်ကို ပိုက်ဆံတစ်သောင်းလိုက်ကောက်တာတွေလုပ်တယ်။ မဲပေါက်တဲ့ တစ်ယောက်ကတော့မဲပေါက်ရဲ့သားနဲ့ မလိုက်သွားရဘူး။ အုပ်ကြီးကို ပိုက်ဆံပေးလိုက်တာ ကျန်ခဲ့ရတယ်။ သူ့တို့မိသားစုနဲ့ သားသမီးတွေကိုတော့ အသက်မှီရက်သားနဲ့ စစ်မှုထမ်းဖို့ မထည့်ဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

မရွေးကုန်းအုပ်စုတွင် စစ်မှုထမ်းဆော​င်ရန်း စာရင်းထည့်ပေးနေသည့် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းနှင့် ၎င်း၏တပည့်မှာ (ဂျင်သမား) (ဖဲသမား)ဖြစ်သည့်အပြင် တရားမဝင်လောင်းကစားများ
အားလုံး လုပ်ဆောင်လျှက်ရှိသည်ဟု စုံစမ်းသိရှိရသည်။

ထို့ပြင် ဧရာဝတီတိုင်းအတွင်း ပုသိမ်ခရိုင်၊ ဟင်္သာတခရိုင်၊ မြောင်းမြခရိုင်၊ မအူပင်ခရိုင်၊ ဖျာပုံခရိုင်၊ လပွတ္တာခရိုင်များတွင် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများ၏ သားသမီးများက်ို စစ်မှုထမ်းဆောင်ရန်ချန်လှပ်ထားပြီး ၎င်းတို့နှင့် အဆင်မပြေသူများကိုသာ အများစု စစ်မှုထမ်းဆောင်ရန် စာရင်းများထည့်ပေးနေခြင်း ဖြစ်သည်။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အတည်ပြု ထုတ်ပြန်ပြီးနောက် စစ်မှုမထမ်းလိုသည့် လူငယ်အချို့သည် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံ ရောက်ရှိနေကြသလို ပြည်ပထွက်ရန်အတွက် ပြင်ဆင်လာသူများနှင့် ထွက်ပြေးတိမ်းရှောင်သူ အများအပြားရှိနေကြောင်း သိရသည်။

ဓာတ်ပုံ- မရွေးကုန်းကျေးရွာအုပ်စု စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်း

#မြန်အောင် #စစ်မှုထမ်းဆောင် #စာရင်းပါ#လူငယ်၃၀ #ကျော်ထွက်ပြေးတိမ်းရှောင်#Ayeyarwaddy_Times