
ဧရာဝတီတိုင်းမ်
ဧပြီ ၁၁ ရက်
ဧရာ၀တီတိုင်း ၊ ပုသိမ်အကျဥ်းထောင်တွင် နိုင်ငံရေးအကျဥ်းသားများ ကို ထောင်အာဏာပိုင်များက လုံလောက်သည့် ဆေးဝါးကုသခွင့်မပေးသည့်အပြင် အကျဉ်းထောင်သို့မရောက်မီက သောက်သုံးသောဆေးဝါးများကိုလည်း ပေးပို့ခွင့် ကန့်သတ်ထားကြောင်း သိရသည်။
“သူတို့ ထောင်၀င်စာဌာနမှာတော့ အိပ်ဆေးပုံစံမျိုး မူးယစ်စေတဲ့ဆေးမျိုးကို ပေးလို့မရဘူးပြောတယ် အဲ့ဒါ အမြဲတိုင်းသောက်နေကြဆေးတွေ ပို့ပေးတာ အထဲကလူဆီကိုလဲမရောက်ဘူး
ပြန်လည်းမပေးဘူး ထောင်ဆေးခန်းမှာပဲပြခိုင်းတယ် “ဟု နိုင်ငံရေးအကျဥ်းသားတစ်ဦး၏ မိသားစု၀င်တစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
စစ်တပ်အာဏာစတင်သိမ်းသောအချိန်က အကျဥ်းထောင်တွင် ပြင်ပမှ ဆေးများကို ခွင်ပြုချက်ဖြင့် သွင်းယူရရှိခဲ့သော်လည်း ပြီးခဲ့သော၂၀၂၃ခုနှစ်ဇန်နဝါရီလ ၆ရက်နေ့တွင် ဖြစ်ပွားသော နိုင်ငံရေးအကျဥ်းသားများကို ထောင်၀န်ထမ်း၊ရဲနှင့် စစ်ကောင်စီတပ်များ ၏ ပစ်ခတ်မှုအပြီးတွင်ယခုကဲ့သို့ တင်းကြပ်လာခြင်းဖြစ်ကြောင်းသိရသည်။
“ပုသိမ်ထောင်မှာကပြန်လွတ်လာတဲ့ နိုင်ကျဥ်းတိုင်းသိပါတယ်။ ဘာဖြစ်ဖြစ်ပါရာစီတမော့ပဲတိုက်တာ အဲ့တစ်မျိုးပဲ ထောင်ဆေးခန်းဆိုတာကလဲ နိုင်ကျဥ်းဆို ပေးခြင်တဲ့ဆေးပေးတာ အသက်အန္တရာယ် အခြေအနေရောက်တာတောင် ပုသိမ်ဆေးရုံကို လွှဲဖို့ အထက်အဆင့်ဆင့်ကိုတင်ပြနေရတာနဲ့ အသက်ဆုံးရူံးတာတွေရှိခဲ့တယ် “ဟု အကျဥ်းထောင်မှ ပြန်လည်လွှတ်မြောက်ခဲ့သူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ပုသိမ်အကျဥ်းထောင်တွင်နိုင်ငံရေးအကျဥ်းသားများကိုလုံလောက်သည့် ကျန်းမာရေး ကုသမှု မရရှိခဲ့သောကြောင့်၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့တွင် ပုသိမ်မြို့မှ အသက်(၅၀)အရွယ် နိုင်ငံရေးအကျဥ်းသား ဦးစန်းအေးနှင့် ၂၀၂၃ခုနှစ် ဒီဇင်ဘာလ၃၀ရက်တွင် အသက်၃၀အရွယ်ဖျာပုံမြို့မှ နိုင်ငံရေးအကျဥ်းသား ကိုစံလင်းစံတို့သေဆုံးခဲ့ရသည်။
ပုသိမ်အကျဥ်းထောင်တွင် ထောင်ဒဏ်
၄၅နှစ်ကျခံနေရသောနိုင်ငံရေးအကျဉ်းသူ ဒေါ်ချိုချိုဝင်းတွင် သားအိမ်အကြိတ်လုံး တည်သည့် ရောဂါဝေဒနာကို ခံစားနေရသော်လည်း ထောင်ဆေးခန်းမှ အကိုက်အခဲပျောက်ဆေးကိုသာပေးပြီး ဆေးကုသခွင့်မရကြောင်းနှင့် ဒေါ်ချိုချို၀င်းအပါအဝင် ပုသိမ်ထောင်အတွင်းရှိ ကျန်းမာရေးမကောင်းသူ အားလုံးကို လုံလောက်သော ဆေးဝါးစောင့်ရှောက်မှုပေးရန် တောင်းဆိုကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှသတင်းထုတ်ပြန်
ထားသည်။
#ပုသိမ်အကျဉ်းထောင် #မကျန်းမာ #နိုင်ငံရေးအကျဉ်းသား #လုံလောက်သည့်ဆေးဝါးကုသခွင့်မရ#မြန်မာနိုင်ငံလုံးဆိုင်ရာအကျဉ်းသားများကွန်ရက်#PPNM #Ayeyarwaddy_Times