နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်

ဧပြီ ၁၀ ရက်

မြန်မာစစ်တပ်ကို လေယာဉ်ဆီ တင်ပို့ရောင်းချခြင်း မပြုလုပ်ရန် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက်အပါအဝင် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စား လှယ်ခန့်အပ်ခြင်းတို့အား အာဏာသိမ်း စစ်ကောင်စီက ကန့်ကွက်ပယ်ချကြောင်း စစ်ကောင်စီ၏  နိုင်ငံခြားရေးဝန်ကြီးဌာန နှင့်  နှင့် ဧပြီ ၉ ရက်နေ့ထုတ် ၎င်းတို့၏ ဝါဒဖြန့် သတင်းစာများတွင် ဖော်ပြထားသည်။ 

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသည် ဥရောပသမဂ္ဂကိုယ်စား ဘယ်လ်ဂျီယံနိုင်ငံက တင်သွင်းသော မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်ကို အတည်ပြု ချမှတ်ခဲ့ရာတွင် အခြေအမြစ်မရှိ တစ်ဖက်သတ် စွပ်စွဲဖော်ပြချက်များ ပါဝင်သည်ဟု စစ်ကောင်စီက ငြင်းဆိုထားသည်။

နိုင်ငံပေါင်း ၄၇ နိုင်ငံဖြင့် ဖွဲ့စည်းထားသော ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသည် အဆိုပါဆုံးဖြတ်ချက်ကို ပြီးခဲ့သည့် ဧပြီ ၄ ရက်နေ့က သဘောတူချမှတ်ခဲ့ပြီး စစ်လက် နက်၊ ခဲယမ်းမီးကျောက်နှင့် အခြားစစ်လက်နက် ကိရိယာများကို တရားမဝင် လွှဲပြောင်း ပေးခြင်း ရပ်ဆိုင်းရန်လည်း  တိုက်တွန်းခဲ့ကြောင်း သိရသည်။

“အခုဆုံးဖြတ်ချက်ဟာ အရင်နှစ်က ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်ကို ပြန်လည်ကိုးကား မွမ်းမံထားတဲ့ ဆုံးဖြတ်ချက်လို့ ပြောနိုင်ပါတယ်။ လက်ရှိမြန်မာနိုင်ငံရဲ့  မြေပြင်အခြေ အနေတွေကို ပိုမိုထင်ဟပ်ပြီး အကြမ်းဖက်စစ်တပ်ရဲ့  ဆိုးသထက်ဆိုးရွားလာတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို အမြင့်ဆုံးရှုတ်ချထားပါတယ်” ဟု NUG လူ့အခွင့် အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက သူ၏ လူမှု ကွန်ရက် စာမျက်နှာပေါ်တွင် ရေးသားထားသည်။

စစ်ကောင်စီကမူ နိုင်ငံတစ်နိုင်ငံကို ဦးတည်သည့် ဆွေးနွေးမှုများ၊ ဆုံးဖြတ်ချက် အဆိုများနှင့် လုပ်ပိုင်ခွင့်များ၊ ၎င်းတို့၏ နောက်ဆက်တွဲ အပြန်အလှန် ဆွေးနွေးမှုများသည် သက်ဆိုင်ရာ နိုင်ငံနှင့် နိုင်ငံတ ကာ အသိုက်အဝန်းတို့အကြား ဓမ္မဓိဌာန်ကျသော အစီရင်ခံမှု၊ အပြုသဘောဆောင်သော ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ ဖြစ်ပေါ်ရေးကို အထောက်အကူမပြုရုံသာမက ကုလသမဂ္ဂ၏ အခြေခံမူ တို့နှင့် ဆန့်ကျင်နေသည်ဟု ဆိုထားသည်။

အလားတူ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ယခင်ဩစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဂျူလီဘစ်ရှော့ပ်အား မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အဖြစ် ခန့်အပ်ခဲ့မှုကိုလည်း  လက်မခံသလို ၎င်းတို့ထံ တရားဝင် အသိပေးအကြောင်းကြားမှု မရှိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

ထို့အပြင် ကုလသမဂ္ဂနှင့် မြန်မာနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်ရာတွင် တစ်ဖက်သတ် ဖိအားပေးမှုများသည် အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှု များအတွက် အထောက်အကူပြုမည် မဟုတ်ဘဲ အချင်းချင်း နားလည်မှု၊ လေးစားမှုနှင့် အပြန်အလှန် ထိတွေ့ဆောင်ရွက်မှုတို့မှ တစ်ဆင့်သာ လက်တွေ့ကျ၍ အပြုသဘော ဆောင်သော ပူးပေါင်းဆောင်ရွက်မှု ဖြစ်မည်ဖြစ်ကြောင်း ဖော်ပြ ထားသည်။

စစ်ကောင်စီကို လေယာဉ်ဆီ ထောက်ပံ့နေသည့် မြန်မာကုမ္ပဏီ သုံး ခုအား ဩစတြေးလျ နိုင်ငံက ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်တွင် ဒဏ်ခတ်ပိတ်ဆို့ခဲ့သလို အမေရိကန်နိုင်ငံ ကလည်း  အာဏာသိမ်းမှုနောက် ပိုင်း စစ်ကောင်စီထံ စစ်လက်နက်များ ရောင်းချသော နိုင်ငံခြားကုမ္ပဏီများ၊ လေယာဉ်ဆီတင်ပို့သည့်ကုမ္ပဏီများကို ဒဏ်ခတ်ပိတ်ဆို့ အရေး ယူခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်

#လေယာဉ်ဆီ မရောင်းချရန် #ကုလလူ့အခွင့်အရေးကောင်စီ #ဆုံးဖြတ်ချက် #စစ်ကောင်စီ #ကန့်ကွက်ပယ်ချ #Ayeyarwaddy_Times