ဧရာဝတီတိုင်းမ်

ဧပြီ ၁၀ ရက်

မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးမြို့ဖြစ်သည့် လွယ်ဂျယ်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က အလုံးစုံ ထိန်းချုပ်လိုက်ပြီး စစ်ကောင်စီ၏ ခလရ-၁၄၂တပ်ရင်း အတွင်းမှ ငွေကျပ် သိန်းငါးသောင်း(၅၀၀၀၀၀)ကျော် နှင့် ရွှေချောင်းများကို သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

လွယ်ဂျယ်မြို့အတွင်းရှိ ကျန်ရှိနေသည့် ရဲစခန်းနှင့် စစ်စခန်းအချို့မှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ခလရ ၁၄၂ တပ်ရင်းအတွင်းလာရောက် ပူးပေါင်းခဲ့ကြပြီး ပြီးခဲ့သည့် ဧပြီ ၈ရက် ည ၁၀နာရီခန့်မှစ၍ စခန်းကိုစွန့်ခွာပြီး တရုတ်နိုင်ငံအတွင်းသို့ ထွက်ပြေးခဲ့ ကြကြောင်းသိရသည်။

“၈ရက်နေ့ညပိုင်းကတည်းက စစ်ကောင်စီတပ်သားတွေနဲ့ Non CDM ဝန်ထမ်းတွေ တရုတ်ထဲဝင်ပြေးကြတယ်။ မနေ့ကနဲ့ ဒီနေ့မနက် နယ်မြေရှင်းလင်းရေးလုပ်တယ်။ လွယ်ဂျယ်မှာ စစ်သားတစ်ယောက်မှ မရှိတော့ဘူး” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့များ ထွက်ပြေးသွားသည့်အတွက် လွယ်ဂျယ်မြို့သည် စစ်ကောင်စီ ကင်းစင်နယ်မြေဖြစ်လာပြီး ၎င်းတို့စွန့်ခွာသွားသည့် ခလရ ၁၄၂ကို ကချင်လွတ်လပ်ရေး တပ်မတော် KIAက ဝင်ရောက်ရှင်းလင်းရာ ငွေကျပ်သိန်းငါးသောင်းကျော်နှင့် ရွှေချောင်းများ ကို ရရှိခဲ့ခြင်းဖြစ်သည်။

စခန်းစွန့်ခွာချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက တရုတ်ယွမ်ငွေများနှင့် ကျောက်စိမ်း များကို ယူဆောင်၍ တရုတ်နိုင်ငံအတွင်း ဝင်ရောက်ထွက်ပြေးသွားကြကြောင်း ဒေသခံများထံက သိရသည်။

“ထွက်ပြေးတဲ့ အဖွဲ့တွေက တရုတ်ဘက်မှာသုံးလို့ရတဲ့ ယွမ်ငွေတွေတော့ သယ်သွား ကြတယ်ပြောတယ်။ နယ်စပ်အကောက်ခွန်ငွေတွေ အစိုးရကို မသွင်းသေးဘဲတပ်ရင်းထဲ ထည့်သိမ်းထားတာလို့သိရတယ်။ ရွှေချောင်းတွေပါ KIAကရသွားတယ်” ဟု ကချင်စစ်ရေး သတင်းရင်းမြစ်က ဆက်လက်ပြောကြားသည်။

လွယ်ဂျယ်မြို့အတွင်းရှိ စစ်ကောင်စီလက်အောက်ခံရုံးဌာနများကို KIAက ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ချိတ်ပိတ် ထိန်းချုပ်ထားပြီး ဒေသခံပြည်သူများကိုလည်း ဘေးလွတ်ရာသို့တိမ်းရှောင်ခိုင်းထားကြောင်း သိရသည်။

ပုံစာ-ခလရ ၁၄၂အတွင်းမှ သိမ်းဆည်းရမိခဲ့သည် ပိုက်ဆံများအား တွေ့ရစဉ် 

#လွယ်ဂျယ်မြို့ #မြန်မာတရုတ်နယ်စပ်ကုန်သွယ်ရေး #စစ်ကောင်စီ #ခလရ ၁၄၂ #ထွက်ပြေး #သိန်း၅၀၀၀၀၀ #KIAသိမ်းပိုက် #Ayeyarwaddy_Times