
ဧရာဝတီတိုင်းမ်
(ကျိုက်ထို)၊ မတ် ၈ ရက်
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မုပ္ပလင်လမ်းဆုံစစ်ဆေးရေး ဂိတ်နှင့် အနီးတဝိုက်ရှိ စစ်ကောင် စီတပ်ဖွဲ့များ တပ်စွဲထားသည့် စခန်း လေးခုကို ပြီးခဲ့သည့် ဧပြီ ၆ ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားနှင့် ရဲ တပ်ဖွဲ့ဝင် ငါး ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ပထမဦးစွာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် ရွှေစေတီ၊ ငွေစေတီဘုရား ကုန်းနှင့် မုပ္ပလင်လမ်းဆုံစစ်ဆေးရေးဂိတ်ကို ဒရုန်းများ၊ ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မုပ္ပလင် လမ်းဆုံဂိတ်မှ ရဲ သုံး ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဘုရားကုန်းမှ တပ်သား နှစ် ဦးသေဆုံးကာ စုစုပေါင်း ငါး ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရသည်။
မုပ္ပလင်လမ်းဆုံ စစ်ဆေးရေးဂိတ်ကို သုံးရက်အတွင်း နှစ်ကြိမ်မြောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယခု တိုက်ခိုက်မှုအတွင်း ရဲကား နှစ် စီး ပျက်စီးခဲ့ကြောင်းလည်း သိရသည်။
“အဲဒီနေရာတွေက တပ်စခန်းချထားတဲ့နေရာတွေဖြစ်တယ် မုပ္ပလင်လမ်းဆုံဂိတ်ဆိုရင် ဘန်ကာအကြီးအသေးတွေနဲ့ အခိုင်အမာကိုတည်ဆောက်ထားတဲ့ စစ်ဆေးရေးဂိတ် စခန်းဖြစ်ပါတယ်။ ဘေးကဘုရားပေါ်မှာလည်း တပ်စခန်းရှိတယ်။ အဲ့တာကြောင့် စစ်ရေးပစ်မှတ်အဖြစ် တိုက်ခိုက်ရခြင်းဖြစ်တယ်။ လက်ပံပင် သုသာန်ကတော့ မုပ္ပလင်စခန်းနဲ့ လေးမိုင်လောက်ကွာတယ်” ဟု သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် လက်ပံပင်သင်္ချိုင်းရှိ စစ်ကောင်စီတပ်စခန်းနှင့် အင်္ဂဘို တာဝါတိုင်တို့ကိုလည်း စစ်ရေးပစ်မှတ်အနေဖြင့် လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ လက်ပံပင်သုသာန်မှ အရာရှိခွဲမှူး တစ်ဦးနှင့် တပ်သားလေး ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)၊ KNU/KNLA၊ YEF၊ တပ်မဟာ-၁ PDF တပ်ရင်း၊ တောကျီးကန်းအဖွဲ့၊ ခရမ်းPDF နှင့် ကျိုက်ထို-ပကဖ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျိုက်ထိုရှိ မုပ္ပလင်စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ပြီးခဲ့သည့် ဧပြီ ၄ ရက်နေ့ကလည်း KRF ပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးသီး လေးလုံးချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – KRF
#ကျိုက်ထို #မုပ္ပလင်လမ်းဆုံဂိတ် #စစ်ရေးပစ်မှတ် #စခန်းလေးခု #ဒရုန်း #တိုက်ခိုက်ခံရ #Ayeyarwaddy_Times