ဧရာဝတီတိုင်းမ်
ဧပြီ ၈ ရက်

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်ရှိ ကျေးရွာအုပ်စုအများစုတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများနှင့် အဖွဲ့ဝင်များက အဆင်မပြေသူများကို မဲနှိုက်ခိုင်း ခြင်းမပြုတော့ဘဲ ဧပြီလ ၅ ရက်နေ့မှ စတင်၍ စစ်မှုထမ်းဆောင်ရန် အဓမ္မခိုင်းစေ နေကြောင်း ဒေသခံများထံက သိရသည်။

မဲနှိုက်ခိုင်းခြင်းမပြုတော့ဘဲ အဓမ္မစစ်မှုထမ်းဆောင်ရန် ခေါ်ဆောင်ခံနေရသည့် ကျေးရွာ အုပ်စုများမှာ လှေကြီးတက်ကျေးရွာအုပ်စုမှ လှေကြီးတက်ကျေးရွာ၊ ကြက်သွန်ကွင်း ကျေးရွာ၊ တပ်ကုန်းကျေးရွာ၊မှိုကုန်းကျေးရွာ၊ အုတ်ပုံကုန်းကျေးရွာနှင့် ရေတွင်းကုန်း ကျေးရွာ တို့ဖြစ်ကြောင်း သိရသည်။

“သူတို့နဲ့အဆင်မပြေတဲ့သူတွေကို စစ်မှုထမ်းခိုင်းဖို့ စာထုတ်ခေါ်ပြီး အဓမ္မခေါ်တာ။ မဲနှိုက်တာတွေ မလုပ်ရတော့ဘူး။ ဒီအတိုင်းစာရင်းထည့်ပေးလိုက်တာ။ ဘယ်သူမှလဲ ပြန်မပြောရဲကြဘူးပေါ့ဗျာ။ သူတို့သားသမီးတွေကြတော့ စစ်မှုထမ်းထဲမထည့်ဘူး” ဟု သာပေါင်းမြို့နယ်ရှိ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ပြင် ငဝန်ကြို့ကုန်းကျေးရွာအုပ်စုရှိ ကွမ်းခြံကုန်းကျေးရွာ၊ ကြို့ကုန်းကျေးရွာ၊ ရှောက်ချောင်းကျေးရွာများတွင်လည်း မဲနှိုက်ခိုင်းခြင်းမပြုတော့ပဲ အဓမ္မစစ်မှု ထမ်းဆောင်ရန် ခေါ်ဆောင်ခြင်းခံနေရကြောင်း ဒေသခံများထံက သိရသည်။

“ငဝန်ကြို့ကုန်းအုပ်မှာက အုပ်ချုပ်ရေးမှူးဖြုတ်ထားတော့ ခုလောလောဆယ်အဓိက လုပ်ပေးနေတာက စာရေး အောင်မျိုးကျော်ပါ။ သူက ရဲနဲ့စစ်သားတွေပေါင်းပြီး မိုက်ကြေး ခွဲနေတာပါ” ဟု ဒေသခံတစ်ဦးက ဆက်လက်ပြောသည်။

ထို့ပြင် လှေကြီးတက်ကျေးရွာအုပ်စုတွင်လည်း အုတ်ပုံကုန်းရွာမှ ရာအိမ်မှူး ဦးကြည်သိန်း၊ ရေတွင်းကုန်းရွာမှ ရာအိမ်မှူး ဦးမြင့်အေး၊ စိန်သပြေပင်ရွာမှ ရာအိမ်မှူး ဦးကျော်သန်း၊ ကြက်သွန်ကွင်းရွာမှ ရာအိမ်မှူး ဦးကုလားကြီး တို့က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး စစ်ကောင်စီတပ်သားများနှင့် ပူးပေါင်းကာ စစ်မှူထမ်းဆောင်ရန် ငြင်းဆိုသူများ ခြိမ်းခြောက်မှုများ ပြုလုပ်လျှက်ရှိကြောင်း ဒေသခံများထံက သိရသည်။

ဧရာဝတီတိုင်းအတွင်းရှိ ပုသိမ်ခရိုင်၊ ဟင်္သာတခရိုင်၊ မြောင်းမြခရိုင်၊ မအူပင်ခရိုင်၊ ဖျာပုံခရိုင်၊ လပွတ္တာ ခရိုင်များတွင် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများ၏ သားသမီးများကို စစ်မှုထမ်းဆောင်ရန်ချန်လှပ်ထားပြီး ၎င်းတို့နှင့် အဆင်မပြေသူ အများစုကိုသာ စစ်မှုထမ်းဆောင်ရန် စာရင်းများထည့်သွင်း ပေးနေကြောင်း စုံစမ်းသိရှိရသည်။

ထို့ပြင် စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အတည်ပြု ထုတ်ပြန်ပြီးနောက် စစ်မှုမထမ်းလိုသည့် လူငယ်အချို့သည် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံ ရောက်ရှိနေကြ သလို ပြည်ပထွက်ရန်အတွက် ပြင်ဆင်လာသူများနှင့် ထွက်ပြေးတိမ်းရှောင်သူ အများ အပြား ရှိလာပြီး ပြည်သူအများစုမှာ စိုးရိမ်စိတ်များ နေ့စဉ်မြင့်တက်လျှက်ရှိနေကြသည်။

ဓာတ်ပုံ-ပေးပို့

#သာပေါင်းမြို့ #စစ်ကောင်စီခန့် #အုပ်ချုပ်ရေးမှူးများ #ရပ်ကျေးစာရေး #ရာအိမ်မှူးများ #အဆင်မပြေသူများ #စစ်မှုထမ်းခိုင်း #Ayeyarwaddy_Times