အယိုက်လင်း/ဧရာဝတီတိုင်းမ်
ဧပြီ ၆ ရက်

ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် စစ်ဘေးရှောင်အများစုသည် သုံးလကြာသည့်အထိ နေရပ်မပြန်နိုင်ကြသေးကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီ တပ်ရင်း၊ တပ်စခန်းအားလုံးကို တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီးနောက် မြို့တွင်းတွင် ရက္ခိုင့်တပ်တော် (AA) စခန်းချနေထိုင်သည့် ပလက်ဝမြို့တွင် ဒေသခံအများစုသည် ယနေ့ထိ နေရပ်မပြန်ကြသေးဘဲ ၎င်းတို့ထွက်ပြေးတိမ်းရှောင်နေကြသည့် ကျေးရွာများတွင် စစ်ဘေးရှောင်နေကြရဆဲဖြစ်သည်။

“ပလက်ဝမြို့ထဲမှာ တိုက်ပွဲမရှိပေမယ့် ဒေသခံတွေက အခုထိ နေရပ်မပြန်ရဲကြသေးဘူး။ အရင်ကတော့ လေယာဥ်နဲ့ မကြခဏ ဗုံးကြဲတိုက်ခိုက်မှုတွေရှိပေမယ့် အခုတော့ မရှိတော့ပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် ဒေသခံအနည်းစုသာ နေရပ်ပြန်ကြသေးတယ်။ တစ်ချို့တွေက စစ်ဘေးရှောင်နေကြတဲ့ ကျေးရွာမှာ အခြေချဖို့ လုပ်နေကြပါတယ်။ ဒေသခံတွေဟာ ဘာကြောင့် နေရပ်မပြန်ရဲကြတာလည်း မသိဘူး “ဟု ပလက်ဝမြို့နယ် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် မတ်လ တတိယ အပတ်တွင် ရက္ခိုင့်တပ်တော်(AA)က တိုက်ပွဲတွင်း ထွက်ပြေးတိမ်းရှောင်နေကြသည့် စစ်ဘေးရှောင်များကို မတ်လအတွင်း အမြန်ဆုံး ပြန်လာကြရန် ပြောဆိုထားသော်လည်း ဒေသခံများအစုသည် နေရပ်ပြန်လာခြင်း မရှိသေးကြောင်း သိရသည်။

“မတ်လအတွင်း စစ်ဘေးရှောင်တွေ ပြန်လာကြဖို့ AA က နုတ်နဲ့ အသိပေးထားပါတယ်။ လောလောဆယ်ကတော့ ပြန်လာကြတဲ့ ဒေသခံတွေ မရှိသေးပါဘူး။ တစ်အိမ်မှာ တစ်ယောက်လောက်က အိမ်စောင့်ဖြစ် ပြန်လာနေကြတဲ့ လူတွေဘဲ ရှိတယ်။ စစ်ဘေးရှောင်တွေက မြို့ထဲပြန်မနေချင်တော့ဘူး။ မြို့ထဲမှာလည်း AA တွေ ရှိနေတော့ မလွတ်လပ်သလို ခံစားရတယ်။ “ဟု ပလက်ဝမြို့နယ်ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိ ပလက်ဝမြို့တွင် ဒေသခံပြည်သူများသည် မြို့အဝင်/အထွက်ပြုလုပ်ရန်အတွက် ရက္ခိုင့်တပ်တော် (AA)၏ စစ်ဆေးရေးဂိတ်တွင် မှတ်ပုံတင်ပြသခြင်း၊ လက်မှတ်ရေးထိုးခြင်းနှင့် ကိုယ်ရေးအချက်လက်များ ဖြည့်ပြီးမှ ဝင်ခွင့်/ထွက်ခွင့်ရကြောင်းသိရသည်။

ယင်းအပြင် တိုက်ပွဲတွင်း ဒေသခံများ ထွက်ပြေးတိမ်းရှောင်စဥ် အရပ်သား နေအိမ်၊ ဆိုင်ခန်းများ ဖောက်တွင်းခံရပြီး တန်ဖိုးရှိ လက်ဝတ်လက်စားများ ၊ ရိုးရာအထည်များ ပျောက်ဆုံးနေရကြောင်း သိရသည်။

ပုံစာ- ပလက်ဝမြို ဆိပ်ကမ်း တွေ့ရစဥ်။

#ချင်းပြည် #ပလက်ဝ #စစ်ဘေးရှောင် #နေရပ်မပြန်ကြသေး #AA #Ayeyarwaddy_Times