
CDF-Zotung စစ်ဦးစီးချုပ်
ဗွီအာတီ/ ဧရာဝတီတိုင်းမ်
(မတူပီ)၊ ဩဂုတ် ၄ ရက်
ချင်းပြည်နယ်၊ မတူပီမြို့နယ်အခြေပြု CDF- Zotung မှ စစ်ဦးစီးချုပ် ထက်ကျဲရ်အို (Thah Ceu) နှင့် ရဲဘော် ၂ ဦး တို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး ဇူလိုင်လ ၂၇ ရက်နေ့တွင် မီးရှို့သတ်ဖြတ်ခဲ့ကြောင်း CDF-Zotung Supreme Council ထံမှ သတင်းရရှိသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်နေ့တွင် စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းဖမ်းဆီးထားသော ဇိုတုန်နယ်၊ ရမ်စီးကျေးရွာပြည်သူများနှင့် ကျေးရွာအခြေအနေတို့ကို သွားရောက်စုံစမ်းစဥ် ဇူလိုင်လ ၂၃ ရက်နေ့တွင်ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
CDF-Zotungစစ်ဦးစီးချုပ် ထက်ကျဲရ်အို (Thah Ceu) (၄၀)နှစ်၊ ရဲဘော် အောင်မင်းထန် (၂၀) နှစ်နှင့် ရဲဘော် ထန်ကျင်းမန် (၂၀) နှစ်တို့က သွားရောက်စုံစမ်းခဲ့ခြင်းဖြစ်ပြီး ကင်းပုန်းချထားသော စစ်ကောင်စီတပ်တို့ကဖမ်းဆီးကာ မီးရှို့သတ် ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ရွာထဲမှာ ဖြစ်ပျက်နေတဲ့ အခြေအနေကို စုံစမ်းဖို့အတွက် စစ်ဦးစီးချုပ်က သူ့ရဲဘော် ၂ ယောက်နဲ့ သွားတဲ့အခါမှာ အသင့်စောင့်ဆိုင်းနေတဲ့ စစ်ကောင် စီတပ်တွေက စစ်ဦးစီချုပ်တို့ကို ဖမ်းသွားတာပေါ့နော်။ ဖုန်းလိုင်းတွေ အကုန်ဖြတ်တောက်ခံထားရတော့ သတင်းအချက်အလက်တွေ ရရှိဖို့ အင်မတန်ခက်ခဲသွားတယ်။ရွာသားတွေရဲ့ ပြောကြားချက်အရ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်နေ့မှာ စစ်ကောင်စီတပ်က မီးရှို့သတ်လိုက်တဲ့ ၃ ဦးဟာ သူတို့ဖြစ်တယ်လို့ ကျွန်တော်တို့ကအတည်ပြုလိုက်တာ ဖြစ်တယ် ” ဟု CDF-Zotung Supreme Council အတွင်းရေးမှူး Nibawi Letaung က ဧရာဝတီတိုင်းမ်ကို ပြောသည်။
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ဘက်မှ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကြောင့် ကျေးရွာပြည်သူထုများကို CDF-Zotungက လုံခြုံသော တနေရာတွင် တိမ်းရှောင်ခိုင်းထားသော်လည်း မတိမ်းရှောင်သည့် ရမ်းစီးကျေးရွာပြည်သူ(၂၇)ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားပြီး ယမန်နေ့၊ ဩဂုတ်လ ၃ ရက်နေ့တွင် ပြန်လွတ်လာကြောင်းသိရသည်။
CDF-Zotungစစ်ဦးစီးချုပ်အပါအဝင် CDF-Zotung ရဲဘော်(၂)ဦးတို့ကို စစ်ကောင်စီတပ်က မီးရှို့သတ် ဖြတ်မှုအပေါ် ခွင့်လွှတ်လို့ မရသော အကြမ်းဖက်လုပ်ရပ်ဖြစ်ကြောင်း CDF-Zotung Supreme Councilမှ အတွင်းရေးမှူးက ပြောသည်။
“အမှန်ဆို ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ CDF-Zotung ရဲဘော်တွေကို သုံးပန့်အနေနဲ့ ထားသင့်တာပေါ့နော်၊ ပုဂ္ဂိုလ်ရေးအနေနဲ့ အမုန်းပွားပြီး ရန်ဖြစ်ထားတာလည်း မဟုတ်ဘူး၊ စစ်တပ်က အာဏာသိမ်းတာကို လူထုကလက်မခံလို့ ကျွန်တော်တို့က လက်နက်ကိုင်ပြီး တော်လှန်တာဖြစ်တယ်၊ ပေါ်လစီအရ ရန်သူတွေ ဖြစ်သွားကြတာ ဖြစ်တယ်။ စစ်ကောင်စီတပ်က နိုင်ငံတကာဉပဒေတွေကိုလည်း လုံးဝဂရုမစိုက်ဘဲ ပြောင်ပြောင်တင်းတင်းချိုးဖောက်ပြီး အခုလိုသတ်လိုက်တာဟာ လုံးဝခွင့်လွှတ်လို့ မရတဲ့ အရာဖြစ်တယ်”လို့ CDF-Zotung Supreme Councilမှ အတွင်းရေးမှူးက ဆက်လက်ပြောကြားသည်။
CDF-Zotung သည် Supreme Council ၏လမ်းညွှန်မှုအောက်တွင် အာဏာရှင်စနစ်ကို တော်လှန်နေပြီး လက် နက်ခဲရမ်းလိုအပ်ချက်နှင့်အတူ CDF-Zotungမှ ရဲဘော်များသင်တန်းတက်ရောက်နေဆဲဖြစ်သည့် အတွက် စစ်ကောင်စီတပ်နှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရန် အခက် အခဲရှိနေသည်ဟုဆိုသည်။
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ဘက်မှ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သည် ဇူလိုင်လ ၂၄ ရက်နေ့တွင် ဂန့်ဂေါမြို့နယ်အနီးတွင် ချင်းတိုင်းရင်းသားအရပ်သားပြည်သူ ၂ ဦးကိုလည်း သတ်ဖြတ်ပြီး အလောင်းအား စွန့်ပစ်ထားကြောင်း CDF-Zotung Supreme Councilက ဇူလိုင်လ ၂၈ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။