ဧရာဝတီတိုင်းမ်
မတ် ၃၁ရက်

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ စစ်ကူလမ်းကြောင်းများကို ရက္ခိုင့်တပ်တော် (AA) က ပိတ်ဆို့ထား၍ စစ်ကောင်စီက လေကြောင်းမှ အင်အားဖြည့်တင်းနေရကြောင်း သိရသည်။

ရက္ခိုင့်တပ်တော် (AA) သည် ပြီးခဲ့သည့် မတ် ၂၆ရက်နေ့က စတင်၍ အမ်းမြို့နယ်ကို စစ်ကူပို့နိုင်သည့် ရခိုင်ပြည်နယ်တွင်း လမ်းကြောင်းများအပြင် မကွေးတိုင်းအတွင်းရှိ ငဖဲမြို့နယ်အထိပါ လမ်းကြောင်းများ ပိတ်ဆို့လိုက်သည့်အတွက် စစ်ကောင်စီအနေဖြင့် စစ်ကူများကို လေကြောင်းမှတဆင့် ပို့နေရကြောင်း သိရသည်။

“လမ်းကြောင်းတွေက ကိုယ့်ဘက်က ပိတ်တာရော ၊ AA ကပိတ်တာရောနဲ့ အကုန်ပိတ်မိနေတာပေါ့။ စစ်ရေးကလည်း ခံစစ်ဆိုတော့ တပ်အပြောင်းအရွှေ့ပဲ လှုပ်တာရှိပြီး အခုဆို ကတုတ်ကျင်းထဲကနေ ရုံးကိစ္စစီမံ‌နေရတဲ့ တပ်တွေရှိလာတယ်လို့ သတင်းကြားနေရပါတယ်။ အမ်းမှာရှိတဲ့ တပ်ရင်းတွေကလည်း ၃၇၂ တို့ဆို တပ်ရင်းစွန့်ပြီး နပခ ထဲလာပေါင်းတဲ့ဖြစ်စဉ်တွေလည်း ရှိပါတယ်” ဟု တပ်တွင်း သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် ယခုလို တိုက်ပွဲများမဖြစ်ပွားမီက အမ်းမြို့နယ်ထဲသို့ AA တပ်ဖွဲ့များ ဝင်ရောက် လာသည်ဟုဆိုကာ ရူးတိုက်နယ်၊ ရီဘုတ်ရွာအနီး သံကြိုးတောင်ကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။

ထို့အပြင် AA တပ်ဖွဲ့များ ဝင်ရောက်မလာစေရန် စစ်ကောင်စီက မတ် ၁၉ ရက်နေ့က အမ်း-တောင်ကုတ်လမ်း၊ ကုတ်မောင်တန်ဂိတ်အနီးရှိလမ်းကို စက်ယန္တရားများသုံး၍ ဖြိုချဖျက်ဆီးခဲ့သည်။

ပြီးခဲ့သည့် မတ် ၁ရက်နေ့ကလည်း အမ်း-စစ်တွေကားလမ်းပေါ်ရှိ ကျောက်စကွဲရွာ အနီးရှိတံတားနှင့် မီးလောင်ချောင်းအနီးရှိ တံတတို့ကို စစ်ကောင်စီက ဖြိုချဖျက်ဆီးခဲ့ပြီး အမ်း-တပ်တောင်ကြားရှိ လုံးကျေးရွာ အဝင်အထွက်တံတားတို့ကိုလည်း ဖျက်ဆီး ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တည်ရှိရာ အမ်းတွင် ခမရ-၃၇၁၊ ခမရ-၃၇၂၊ ခမရ-၃၇၃၊ အမှတ် (၂) ကုတင် ၃၀၀ ဆန့် စစ်ဆေးရုံ၊ အမှတ် ၉၄၆ ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ခွဲ၊ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ခွဲ၊ အမှတ်(၈) အဆင့်မြင့် ဆက်သွယ်ရေးတပ်ရင်း၊ အမှတ်(၉၂၆) ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ခွဲ၊ အမှတ်-၉၁၉ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊ အမှတ် (၇၅၇) လျှပ်စစ် အလုပ်ရုံ တပ်ခွဲနှင့် အမှတ် ၁၀ တပ်ထိန်း တပ်ခွဲတို့ရှိကြောင်း သိရသည်။

ထို့အပြင် မတ် ၂၇ရက်နေ့က လုံးကောက်အုပ်စု တပ်တောင်ကားလမ်းဘေးရှိ စစ်ကောင်စီ ၏ အမှတ်(၉၂၆) ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ခွဲ ကို AA ကဝင်ရောက်တိုက်ခိုက်ရာ ထောက်ပို့ တပ်အတွင်းမှ စစ်ကောင်စီတပ်ဖွဲ့များ စခန်းစွန့်ခွာပြီး အနောက်ပိုင်းတိုင်းစစ်ဌာ နချုပ် (နပခ) အတွင်းသို့ ထွက်ပြေးကြကြောင်း သိရသည်။

မတ် ၂၆ ရက်နေ့ကလည်း အမ်းမြို့နယ်၊ လုံးကောက်ကျေးရွာ အနောက်ဘက် မီတာ ၁၄၀၀ခန့် အကွာတွင် စစ်ကောင်စီ၏ စကခ-၅ လက်အောက်ခံ ခမရ ၃၄၆ ၊ စစ်ကောင်စီ၏ အခြားတပ်ရင်းများမှ လက်ကျန်တပ်များ စုပေါင်းထားသည့်တပ် နှင့် AA တို့သည် မိနစ် ၃၀ကြာ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်က ၁၅ ဦးသေဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ် ၂၈ရက်နေ့က စစ်ကောင်စီဘက်ကပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်သည် တရုတ်‌ရေနံပိုက်လိုင်းနှင့် သဘာဝဓာတ်ငွေ့လိုင်းဖြတ်သန်းရာ ဇင်ဂုန်အထက် ရွာနှင့် ဇင်ဂုန်အောက်ရွာသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

#အမ်းမြို့ #စစ်ကောင်စီ #စစ်ကူလေကြောင်း #AAပိတ်ဆို့ #Ayeyarwaddy_Times