ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ မတ် ၃၁ ရက်)
လူတစ်ဦးချင်းစီတိုင်းမှာ စိတ်ညစ်စရာအချိန်တွေ၊ ဒေါသထွက်နာကျဉ်းစရာတွေ၊ အားငယ်ရတဲ့ အခိုက်အတန့်တွေ ဆိုတာရှိတတ်ကြစမြဲ ဖြစ်ပါတယ်။
“အစစအရာရာနိမ့်ကျတဲ့ဒေသမှာ ပေါက်ဖွားခဲ့တော့ အစစအရာရာ တန်ဖိုးမဲ့ရတယ်”
“မျှော်လင့်ချက်မဲ့ အနာဂတ်ပျောက်ရတဲ့ ငါတို့ဘဝတွေ ဘယ်လိုနေနေ မပျော်တော့ဘူး”၊
“နိုင်ငံမှားပြီးမွေးလာတဲ့ ကိုယ့်ကိုယ်ကိုပဲအပြစ်တင်တယ်” “ဆုပ်လည်းစူး စားလည်း ရူးဘ၀ပဲ။ အမေက ကျန်းမာရေးမကောင်းတော့ ကိုယ်ဘယ်မှ မထွက်နိုင်ဘူး။ အခုတော့”
အကြမ်းဖက်စစ်ကောင်စီက စစ်မှုမထမ်းမနေရဥပဒေကို အတည်ပြု ပြဌာန်းလိုက်ပြီး စစ်သားစုဆောင်းမှုတွေကို အတင်းအကျပ် လုပ်ဆောင် လာတဲ့အချိန်မှာ လူငယ်တွေဟာ သူတို့ရဲ့ လူမှုကွန်ရက်ပေါ်ကနေ ယခုလို စကားလုံးတွေကို ရေးသားလာကြပါတယ်။
တိုက်ပွဲတိုင်း ရှုံးနေတဲ့ စစ်ရှုံးစစ်ကောင်စီက ပြည်ပကျူးကျော်စစ်မဖြစ်ပါဘဲ ကိုယ့်နိုင်ငံ ပြည်သူ ပြည်သားတွေကိုသတ်ဖို့ မြို့ရွာတွေဖျက်ဖို့ အကြမ်းဖက်ဖို့အတွက် ပြည်သူ့စစ် စုဆောင်းရေးကို ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နေပါတယ်။
အဲ့ဒီ အကျိုးဆက်အနေနဲ့ လူငယ်တွေသာမကဘဲ မိဘအုပ်ထိန်းသူ မိသားစုဝင်တွေမှာပါ သေ ကြောင်းကြံမှုတွေ အဆုံးစီရင်ခြင်းတွေ များပြားလာခဲ့ပါတယ်။
သေကြောင်းကြံစည်ခြင်းနှင့်အဆုံးစီရင်ခြင်း
သေကြောင်းကြံစည်ခြင်း ( Suicidal Attempt ) ဆိုတာ မိမိသဘောနဲ့မိမိ သေဆုံးဖို့ ကြိုးစားအားထုတ်ခြင်းကိုဆိုလိုပါတယ်။ ခန္ဓာကိုယ်နာကျင်အောင်လုပ်တာ၊ ဆေးတွေ အဆိပ်တွေသောက်လိုက်တာ၊ ရေအနက်ထဲဆင်းတာ၊ အမြင့်မှခုန်ချတာ၊ ကြိုးဆွဲချတာ၊ လက်နက်အသုံးပြုတာတွေအပြင် အခြားနည်းလမ်းတွေနဲ့ပါ အဆုံးစီရင်ကြပါတယ်။
သေဆုံးဖို့ အထမမြောက်ကြတဲ့အခါ သေကြောင်းကြံစည်ကြခြင်းဖြစ်သွားပါတယ်။ လူအချို့ကတော့ ဘဝရဲ့ထိခိုက်နာကျင်မှုတွေကြောင့် နည်လမ်းအစုံသုံးပြီး အကြိမ်ကြိမ် သေကြောင့်ကြံစည်ခဲ့ဖူးကြပါတယ်။
သေကြောင်းကြံစည် အထမြောက်ပြီး အသက်ဆုံးရှုံးသွားတဲ့အခါ အဆုံးစီရင်ခြင်း (Suicide) အထမြောက်သွားပါတယ်။
ပြည်သူ့စစ်ဥပဒေကြောင့် အဆုံးစီရင်ခြင်းများ သတင်းတွေမှာ ခပ်စိပ်စိပ် တွေ့လာ ရပါတယ်။ မြေးအတွက်စိတ်ထိခိုက်ပြီး တံတားပေါ်မှ ခုန်ချအဆုံးစီရင်တဲ့ အဖွားအို၊ ဆေး ရုံအထပ်မြင့်မှ ခုန်ချအဆုံးစီရင်သောဆေးကျောင်းသူ၊ အတင်းအဓမ္မ စစ်မှုထမ်းစေ ခြင်းကြောင့် အဆိပ်သောင်ခြင်း၊ အဆုံးစီရင်ခြင်းများကို ပြုလုပ်လာသည့် လူငယ် လေးတွေရဲ့ သတင်းတွေအပြင် ပျောက်ဆုံးနေတဲ့လူငယ်များကြောင့် မိသားစုဝင်များ၊ ၎င်းတို့ရဲ့ ချစ်သူရည်းစားများ အဆုံးစီရင်သွားတဲ့ သတင်းတွေကိုလည်း ခပ်သဲ့သဲ့ ကြားနေ ရပါတယ်။
မြင်ရ ကြားရတာတွေက အနည်းငယ်မျှသာ သတင်းအဖြစ် တက်လာကြပေမယ့် လက်တွေ့ မှာ သိပ်ကို များပြားတဲ့လူတွေ အဆုံးစီရင်နေကြပါတယ်။
ဒါကြောင့် သေကြောင်းကြံစည်ခြင်းဆိုတာ လှောင်ပြောင်စရာ ကဲ့ရဲ့စရာ ကိစ္စတစ်ခုမဟုတ်ဘဲ ဝိုင်းဝန်း ဖေးမကူညီစောင့်ရှောက်ကြရမှာဖြစ်ပါတယ်။
သတိပြုပေးစရာအခြေအနေများ
လူတယောက်က “အသက်မရှင်ချင်တော့ဘူး” “သေချင်တယ်”ဆိုပြီး ပြောလာရင် အလေးထား ဂရုစိုက်ပေးကြဖို့ သတိပေးပါရစေ။ ပေါင်းသင်းဆက်ဆံရေးမှာလည်း လူအများနှင့်မတူသွေဖယ်ပြီး အမြဲအထီးကျန်နေတာ “မျှော်လင့်ချက်မဲ့ပြီ” “ဘဝလမ်း တွေပျောက်ပြီ” ညည်းငြူနေမိတာ “သေသွားတာမှကောင်းဦးမယ်”လို့ တွေးနေမိ တာတွေက စိတ်အခြေအနေ အဆင်မပြေမှုတွေဖြစ်ပါတယ်။ သတိပြုဂရုစိုက်ပေးကြပါ။
သင်ကိုယ်တိုင်ဖြစ်နေပါကလည်း မိသားစု မိတ်ဆွေ အပေါင်းအသင်းတွေကို ပြောပြပါ။ စိတ်ကျန်းမာရေးဆွေးနွေးပေးသူများနှင့် တိုင်ပင်ကုသဖို့ ဝန်မလေးသင့်ပါ။ အချင်းချင်းရဲ့ ဖေးမလက်တွဲမှုကို ခံယူကြပါ။
စိတ်ညစ်စိတ်ကျခြင်းကြောင့် လူတွေနဲ့ဝေးကွာပြီး အမြဲလိုလို အထီးကျန် အားငယ် နေတတ်ပါတယ်။ အရက်အလွန်အကျွံသောက်ခြင်း၊ ယာဉ်တိုက်မှုဖြစ်ခြင်း၊ ထိခိုက် ဒဏ်ရာရခြင်း၊ မူးယစ်ဆေးဝါးစွဲခြင်း၊ လိင်မှုကိစ္စလွန်ကဲစွဲလမ်းခြင်း တို့လို စိတ်ထွက် ပေါက် ရှာဖွေခြင်းတွေကြောင့် မဖြစ်သင့်တဲ့ အခြေအနေတွေ ဖြစ်လာနိုင်ပါတယ်။
လူတွေက အဆုံးစီရင်ခြင်းမလုပ်ခင် သူတို့ရဲ့ နောက်ဆုံးအချိန်တွေမှာ ကြိုတင်ပြင်ဆင်ပြီး နှုတ်ဆက်စာ သေတမ်းစာတွေရေးထားတတ်ကြပါတယ်။ ဝေးကွာနေတဲ့ မိသားစုဝင်တွေ၊ အမျိုးတွေ၊ သူငယ်ချင်းတွေဆီ ရုတ်တရက်သွားရောက်တတ်ပါတယ်။ အဆုံးမစီရင်မီ သုံးပတ်အတွင်း ကျန်းမာရေးစောင့်ရှောက်ပေးသူ ဆရာဝန်ထံ အကြိမ်ရေများစွာသွား ထားတာကိုလည်းစစ်တမ်းတွေက ဖော်ပြထားပါတယ်။ လူဆိုတဲ့အတိုင်း အားကိုး ရှာဖို့ ကြိုးပမ်းတတ်ကြပါတယ်။
နေ့စဉ် သေခြင်းတရားနဲ့ နီးနီးကပ်ကပ်ကြုံတွေ့နေကြရသူတွေ ( ဒေသတွင်းမအေးချမ်းဘဲ စစ်အတွင်းမှာ နေထိုင်ရတဲ့ ဒေသခံတွေ) မှာ ရုတ်တရက်သေကြောင်းကြံစည် နိုင်ကြ ပါတယ်။
တစ်ကိုယ် တည်းသမား သူငယ်ချင်းမိတ်ဆွေနည်းပါးကြသူတွေ၊ လူတွေကိုဖယ်ရှောင် နေသူတွေ၊ ဘဝအလှည့်အပြောင်း လောကဒဏ်ကို အရွယ်နဲ့ မမျှအောင်ခါးစည်းခံနေရတဲ့ လူငယ်တွေ၊ အရယ်အပြုံးမရှိဘဲခံစားချက်ပျောက်နေသူတွေ၊ အတိတ်မှာရှိခဲ့တဲ့အဖြစ် ဆိုးတွေထဲက ရုန်းထွက်ဖို့ ခက်ခဲနေတဲ့ စိတ်ဒဏ်ရာရနေသူတွေ၊ ကြောက်ရွံ့ထိတ်လန့် နေသူတွေနဲ့ အမြဲတမ်း အကူအညီမဲ့ မျှော်လင့်ချက်မဲ့ နေကြသူတွေကလည်း သေကြောင်းကြံစည်နိုင်တဲ့ အဆုံးစီရင်နိုင်တဲ့ လူတွေပဲဖြစ်ကြပါတယ်။
စိတ်ကျန်းမာဖို့အရေးဘာလုပ်သင့်ပါသလဲ
အားလုံး စိတ်ကျန်းမာဖို့ဆိုတာ မလွယ်ကူပါဘူး။ စိတ်အခြေအနေဆိုးကနေ လွတ်မြောက် စေဖို့ အကြောင်းရင်းတွေထဲမှာ အကြမ်းဖက် စစ်ကောင်စီ ကျရှုံးပျက်သုဉ်းမှသာ လွတ်မြောက်ကြမယ် ဆိုတာကလည်း အချက်တစ်ခုအနေနဲ့ ပါဝင်နေပါတယ်။
စစ်မက်ပဋိပက္ခအတွင်းမှာလည်း ပြည်သူတွေရဲ့ စိတ်ကျန်းမာဖို့အတွက် ကူညီနေတဲ့ အဖွဲ့အစည်းတွေရှိပါတယ်။ တယ်လီကျန်းမာ Telekyanmar, CDM ကူညီရေးအဖွဲ့ အစည်းများအပြင် အခြားအဖွဲ့အစည်းတွေကပါ စိတ်ကျန်းမာရေးဆွေးနွေးကုသမှုတွေ ပြုလုပ်ပေးနေပါတယ်။
ဆရာဝန်တစ်ယောက်အနေနဲ့အကြံပြုချင်တာက လေးပင်နေတဲ့ စိတ်တွေကို လျှော့ချပါ။ မိမိကိုယ်မိမိချစ်ပါ။ သနားပါ။ စိတ်အဆင်ပြေဖို့အတွက် တရားထိုင်တာမျိုး စာအုပ် ဖတ်တာမျိုး အားကစားလုပ်တာမျိုး ကြိုးစားပြီးလုပ်ပေးပါ။
သေကြောင်းကြံဖို့ အတွေးတွေကို တတ်နိုင်သလောက်ဖျောက်ပစ်ပြီး ရှင်သန်ဖို့ ကြိုးစားပါ။ ခင်မင်ရင်းနှီးတဲ့ မိသားစုဝင်မိတ်ဆွေတွေကို ခံစားရသမျှ ရင်ဖွင့်ပါ။ သိပ်ကို ပင်ပန်းလာရင်ငိုကြွေးပါ။
အခုလိုဖြစ်ပျက်ခံစားနေရတာ ကိုယ်တစ်ယောက်တည်းမဟုတ်ဘဲ ဘဝတူများလည်း ရှိနေသေးကြောင်း ဆင်ခြင်ပါ။ စိတ်ထိခိုက်စရာအခြေအနေများမှ ကင်းလွတ်မယ့် လမ်းကြောင်းများကိုရှာဖွေပါ။
စစ်မှုထမ်းဥပဒေကြောင့် စိတ်ထိခိုက်မှုတွေ ဖြစ်နေပြီ ဆိုရင်လည်း လွတ်မြောက်ရာ လမ်းကြောင်းသို့ ရှောင်တိမ်းနိုင်မည့် အကူအညီပေးသူများ၊ “ပြည်သူ့ရင်ခွင်” ကဲ့သို့ အဖွဲ့အစည်းများ၊ လွတ်မြောက်နယ်မြေနှင့် ပြည်ပရောက်မိတ်ဆွေသူငယ်ချင်းများကို ချိတ် ဆက်ကာ အကူအညီရယူပါ။ ရှင်သန်ဖို့ ကြိုးစားကြပါ။ အခြေအနေဆိုးများမှ လွတ်မြောက်နိုင်ဖို့လည်း ဆုတောင်းပေးပါတယ်။
ဧရာဝတီတိုင်မ်း ပရိသတ်များလည်း စိတ်သောကများမှကင်းဝေးကာ ပျော်ရွှင်စရာ ကောင်းတဲ့ နေ့ရက်တွေပိုင်ဆိုင်ပါစေ။ ကောင်းမွန်စွာရှင်သန်နိုင်ကြပါ စေကြောင်း မေတ္တာပို့သပါတယ်။ နောက်တစ်ပတ်မှာတော့ မိုင်းထိခြင်းအန္တရာယ်အကြောင်းကို တင်ဆက်သွားမှာ ဖြစ်ပါတယ်။စောင့်မျှော်ဖတ်ရှုပေးကြပါခင်ဗျာ။
#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #နာကျင်မှုတွေကြောင့်အဆုံးစီရင်ခြင်း #ဆောင်းပါး #Ayeyarwaddy_Times
(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။)