အယိုက်လင်း/ဧရာဝတီတိုင်းမ်
မတ် ၃၀ ရက်

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ရှာဟာမြို့တွင် မြန်မာစစ်ဘေးရှောင်များ အသုံးပြုသည့် ကားတစ်စီး တိမ်းမှောက်ပြီး ယာဥ်မောင်းသူ သေဆုံးကြောင်း စစ်ဘေးရှောင်များထံက သိရသည်။

ရှာဟာမြို့တွင် မြန်မာစစ်ဘေးရှောင်များ အသုံးပြုသည့် ကားတစ်စီးသည် မတ်လ ၂၉ ရက်နေ့၊ နံနက် ၃ နာရီဝန်းကျင်က တွီပန်ကျေးရွာအနီးတွင် မတော်တဆမှုဖြစ်ပြီး ယာဥ်မောင်သူ သေဆုံးခဲ့ခြင်းဖြစ်သည်။

“ပလက်ဝဘက်က စစ်ဘေးရှောင်တွေ ဆန်၊ ရိက္ခာတွေ သယ်ယူ၊ ပို့ဆောင်ရေးအတွက် အသုံးပြုတဲ့ ကားဖြစ်ပါတယ်။ ကားထဲမှာတော့ ယာဥ်မောင်းတစ်ဦးတည်းပါဘဲ။ ကားလမ်းမကြီး အောက်ဘက် မိီတာ ၄၀ ခန့် ထိုးဆင်းကျသွားတာ။ အဲ့ဒီ ယာဥ်မောင်းက စစ်ဘေးရှောင်တွေအတွက် နေ့၊ ည မရွေး ပစ္စည်းတွေ သယ်ယူ၊ ပို့ဆောင်ပေးနေတာ။ စစ်ဘေးရှောင်အတွက် အလုပ်လုပ်ပေးတာလည်း ကြာပါပြီ “ဟု မြန်မာစစ်ဘေးရှောင် တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

သေဆုံးသွားသူ ယာဥ်မောင်းသည် အသက် ၁၈ နှစ်အရွယ် ချင်းလူငယ် မာလ်ဆောမ်သာရ်ဟုသိရပြီး ၎င်းသည် မီဇိုရမ်ပြည်နယ်၊ ရှာဟာမြို့နယ်၊ ဆငါအိုရွာအုပ်စု၊ ပာန်ခွါကျေးရွာသား ဖြစ်သည်။

အခင်းဖြစ်ပွားသည့် နေရာတွင် ရှာဟာမြို့ရှိ မရာလူငယ်အဖွဲ့စည်းက သေဆုံးသူနှင့် ပတ်သက်၍ ကူညီလုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

ပုံစာ- မြန်မာစစ်ဘေးရှောင်များ အသုံးပြုသည့် ယာဥ်မတော်တဆဖြစ်မှုကို တွေ့ရစဥ်
#မီဇိုရမ် #ယာဉ်မတော်တဆမှု #မြန်မာစစ်ဘေးရှောင် #Ayeyarwaddy_Times