
ဧရာ၀တီတိုင်းမ်
မတ်လ ၃၀ ရက်
မနေ့ညက ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ ONE Championship ရဲ့ Friday Fight 57 ပြိုင်ပွဲမှာ မြန်မာ့ရိုးရာလက်ဝှေ့ကျော် စိုးလင်းဦးဟာ ပြိုင်ဘက် ပေါ်တူဂီလက်ဝှေ့သမား ဖာဘီယို ရီးစ် (Fabio Reis)ကို အလဲထိုးပြီး နိုင်ပွဲဆက်မှတ်တမ်း ရယူနိုင်ခဲ့ပါတယ်။
မြန်မာ့ရိုးရာလက်ဝှေ့လောကရဲ့ ဂန္ထဝင်တစ်ဦးဖြစ်တဲ့ စိုးလင်းဦးဟာ ONE Championship က စီစဉ်ကျင်းပတဲ့ မွေ့ထိုင်းပြိုင်ပွဲမှာ ဒုတိယမြောက်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။
ပြိုင်ဘက် ပေါ်တူဂီလက်ဝှေ့သမားဟာ စိုးလင်းဦးကို ပထမအချီ အစောပိုင်းပွဲချိန်တွေမှာ သူတင်ကိုယ်တင် ထိုးသတ်နိုင်ခဲ့ပေမယ့် စိုးလင်းဦးရဲ့လျှင်မြန်တဲ့ ဘယ်ထောက်လက်သီး၊ ဘယ်ညာလက်သီးတွဲလုံး ထိုးချက်တွေကြောင့် ပထမအချီမှာတင် အလဲထိုးနဲ့ ရှုံးနိမ့်မယ့်အခြေအနေ ဖြစ်ပေါ်ခဲ့ပါတယ်။
သို့သော် ဖာဘီယိုရီးစ်က အားတင်းထိုးသတ်ခဲ့တာကြောင့် ပထမအချီပွဲချိန်ပြည့်သွားခဲ့ပြီး ဒုတိယအချီ ၁ မိနစ်နဲ့ ၄၂ စက္ကန့်မှာတော့ မြန်မာလက်ဝှေ့ကျော် စိုးလင်းဦးဟာ ပေါ်တူဂီသားကို အလဲထိုးပြီး အနိုင်ယူခဲ့ပါတယ်။
အလားတူ Friday Fight 57 ပြိုင်ပွဲမှာ ပါဝင်ထိုးသတ်ခဲ့တဲ့ မြန်မာလက်ဝှေ့ကျော် မိုးထက်အောင်ဟာလည်း ပြိုင်ဘက် ဂျပန်ဖိုက်တာ တိုမိုယာ မာယူရာမာကို ခက်ခက်ခဲခဲ ယှဉ်ပြိုင်ခဲ့ပြီး တတိယအချီမှာ အလဲထိုးနဲ့ အနိုင်ယူခဲ့ပါတယ်။
ပြိုင်ဘက် ဂျပန်ဖိုက်တာကို ကြိုးဝိုင်းထဲမှာ အလဲထိုးအမှောက်သိပ်ခဲ့တဲ့ မြန်မာလက်ဝှေ့ကျော် မိုးထက်အောင်ကို ONE Championship က ထိုးကြေးအပြင် အပိုဆုကြေး – Bonus အဖြစ် ဘတ် ၃ သိန်း ၅ သောင်း ချီးမြှင့်ခဲ့ပါတယ်။
ပရိတ်သတ်အများအပြား စောင့်မျှော်ခဲ့တဲ့ မြန်မာလက်ဝှေ့ကျော် သန့်ဇင်နဲ့ ထိုင်းလက်ဝှေ့ကျော် Tai တို့ရဲ့ ပွဲစဉ်ကတော့ သန့်ဇင် အူအတက်ပေါက်ပြီး အရေးပေါ်ခွဲစိတ်ရမယ့်အခြေအနေကြောင့် ပွဲစဉ်ပျက်ပြာယ် ခဲ့ပါတယ်။
လက်ဝှေ့ကျော် စိုးလင်းဦးဟာ Friday Fight ပြိုင်ပွဲ ပထမပွဲစဉ်မှာလည်း ပြိုင်ဘက် ဂျပန်ဖိုက်တာ ဆူဟာရှီကို တတိယအချီမှာ အလဲထိုးပြီး အနိုင်ယူခဲ့ပါတယ်။
#Ayeyarwaddy_Times #စိုးလင်းဦး #ONE #Chamipionship