အမေရိကန်ရဲ့ NDAA ပါ Burma Act အရ မြန်မာ့အရေးအတွက် ဒေါ်လာ ၁၂၁ သန်း အကူအညီပေးရေးအကြောင်းအရာနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောနှင့်တွေ့ဆုံခြင်း (အင်တာဗျူး)
==============

“သူတို့ရဲ့နိုင်ငံ သုံးစွဲမယ့် ဘတ်ဂျက်အရ ဒီ approbation ကို ဘယ်လိုခွဲ‌ဝေ သုံးစွဲမယ်ဆိုတာကို ညှိနှိုင်းနေတဲ့အပေါ်မှာ အချိန်ကြာမြင့်လာတဲ့အတွက် ၆ လလောက် overdue ဖြစ်လာတာပေါ့။ အခုမှ ဒီ approbation အရ ဥပဒေကို ပြဌာန်းနိုင်ခဲ့တယ်”

နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ် ၂၈ ရက်

အမေရိကန် အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ NDAA ပါ Burma Act အရ မြန်မာ့အရေးအတွက် ဒေါ်လာ ၁၂၁ သန်း အကူအညီပေးရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ယခုရက်ပိုင်းအတွင်း လက်မှတ်ရေးထိုး အတည်ပြုခဲ့ပါတယ်။

အဆိုပါ အခြေအနေဟာ နွေဦးတော်လှန်ရေးကို ဘယ်လိုအတိုင်းအတာအထိ ထိရောက်စေနိုင်ပြီး ဘယ်လိုအနေအထား၊ ဘယ်လို ပုံစံတွေနဲ့ ကူညီသွားမှာလဲ။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ရော မည်ကဲ့သို့ ဆက်ဆံရေးများ ရှိနေသလဲ စသည်တို့နှင့် ပတ်သက်၍ NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောအား ဧရာဝတီတိုင်းမ် သတင်းဌာနမှ အကြီးတန်း သတင်းထောက် နိုင်မင်းလွင်က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

A-Time ။ ။ မင်္ဂလာပါ။ အမေရိကန်အစိုးရနဲ့ NUG အစိုးရကြားက ဆက်ဆံရေးအခြေအနေကို ပထမဆုံးသိပါရစေ။

UKZ ။ ။ ဟုတ်ကဲ့ မင်္ဂလာပါ။ အမေရိကန်‌ပြည်ထောင်စုနဲ့ ကျွန်တော်တို့ NUG အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ဆက်ဆံရေးက ပြောရမယ်ဆိုရင်တော့ အမေရိကန်ပြည်ထောင်စုဟာ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလှုပ်ရှားမှု၊ စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးအတွက် တက်တက်ကြွကြွနဲ့ ထောက်ခံကူညီ ပေးနေတဲ့ နိုင်ငံကြီးတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း ကျွန်တော်တို့နဲ့ ပုံမှန်ထိတွေ့ ဆက်ဆံမှုတွေရှိပါတယ်။

အဲ့ဒီကနေပြီးတော့ ပထမ Informal ထိတွေ့ဆက်ဆံမှုကနေပြီး‌တော့ နောက်ဆုံးသော Formal Engagement ခေါ်‌တာပေါ့နော်။ ဒီတရားဝင် ထိ‌တွေ့ဆက်ဆံမှုတွေအထိ အဆင့်မြင့်နိုင်ဖို့ဖြစ်လာခဲ့တယ်။ နောက်ပြီးတော့ အမေရိကန်ပြည်ထောင်စုရဲ့ မြို့တော်ဝါရှင်တန်ဒီစီမှာ ကျွန်တော်တို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကိုယ်စားလှယ် ရုံးတစ်ခုလည်း၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့တဲ့ ကိုယ်စားလှယ်ရုံးတစ်ခုလည်း ကျွန်တော်တို့ရှိတယ်။

ဒါကြောင့်မို့ ကျွန်တော်တို့ဟာ ပုံမှန်ထိတွေ့ဆက်ဆံမှုတွေ ကိုယ်စားလှယ်ရုံးကတဆင့် ရှိနေသလို၊ အဆင့်မြင့် ထိတွေ့ဆက်ဆံမှုတွေလည်း အထိုက်အလျောက်၊ အလျဉ်းသင့်သလိုတွေ ရှိပါတယ်။ ဥပမာဆိုရင် ကျွန်တော်တို့ နိုင်ငံခြားရေးဝန်ကြီးနဲ့ အမေရိကန်ပြည်ထောင်စု ဒုတိယနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံဆွေးနွေးတဲ့ဟာ၊ အမျိုးသားလုံ‌ခြုံရေးကောင်စီနဲ့ တွေ့ဆုံဆွေးနွေးတဲ့ဟာမျိုးတွေ အဲ့ဒါမျိုးတွေလည်း အလျဉ်းသင့်သလို လိုရင်လိုအပ်သလိုမျိုး ထိတွေ့ဆက်ဆံနေတာ ရှိပါတယ်။

A-Time ။ ။ မြန်မာအရေးနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ အကူအညီပေးမှု အခြေအနေမှာ NUG အစိုးရနဲ့ ချိတ်ဆက်လုပ်ဆောင်မယ့် အခြေအနေရှိပါသလား။

UKZ ။ ။ ဒီအခု အမေရိကန်ပြည်ထောင်စုကနေပြီးတော့ ဒေါ်လာ ၁၂၁ သန်းပေါ့နော်။ သူတို့ approbation (ခွင့်ပြုချက်) အရ မြန်မာနိုင်ငံကို ကူညီပေးမယ့်ဟာ။ အဲ့ဒါကတော့ သူတို့ရဲ့ဥပဒေပေါ့နော်။ သူတို့ရဲ့ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်ကနေပြီးတော့ အတည်ပြုတဲ့ ဥပဒေကို သမ္မတက လက်မှတ်ထိုးတယ်။ အဲ့ဒါဘာလဲဆိုတော့ သူတို့ရဲ့ approbation bill (အတည်ပြုချက် ဥပဒေကြမ်း) ပေါ့နော်။

သူတို့နိုင်ငံမှာ ငွေကြေးခွဲဝေ သုံးစွဲမှုအတွက် အဲ့တစ်ခုလုံးကျတော့ ဒေါ်လာသန်းပေါင်း ၁ ဒသမ ၂ ထရီလီယံရှိတယ်။ အဲ့ထဲမှာ ဒေါ်လာ ၁၂၁ သန်းက မြန်မာနိုင်ငံအရေးကို ကူညီပေးဖို့ဆိုပြီးတော့ သူတို့ အဲ့ဥပဒေထဲမှာ ပြဌာန်းထားတာဖြစ်တယ်။ အဲ့တော့ ဒီဟာသည် ဥပဒေဖြစ်သွားပြီ။ ဥပဒေဖြစ်သွားပြီးတဲ့အခါကျတော့ ဘယ်နေရာမှာ ဘယ်လောက်သုံးစွဲရမယ်ဆိုတာ ပြဋ္ဌာန်းထားတယ်။ အဲ့ဒါကို အကောင်ထည် ဖော်ဖို့အတွက် သက်ဆိုင်တဲ့အစိုးရ၊ အမေရိကန်ပြည်ထောင်စုအစိုးရရဲ့ ဌာနတွေက နေပြီးတော့ လုပ်ကိုင်မယ်။

အဲ့ဒီအခါကျရင် သူတို့အနေနဲ့ ကျွန်တော်တို့ NUG အစိုးရအပါအဝင် တိုင်းရင်းသား အင်အားစုတွေနဲ့ သက်ဆိုင်တဲ့ အင်အားစုတွေ အကုန်လုံးနဲ့ ထိတွေ့ပြီးတော့ တိုင်ပင်ဆွေးနွေး လုပ်ကိုင်သွားမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။

A-Time ။ ။ NDAA ထဲမှာ Burma Act ကို ၂၀၂၂ ခုနှစ်ကတည်းက ထည့်သွင်းပြဌာန်းခဲ့ပြီး အခုမှ အတည်ပြုနိုင်တာကို တွေ့ရပါတယ်။ ဘယ်လိုကြောင့် ကြံ့ကြာမှုတွေ ဖြစ်ခဲ့ရတာလဲ။

UKZ ။ ။ ဟုတ်ကဲ့။ ဒီ Burma Act 2022 က အမေရိကန်ပြည်ထောင်စုရဲ့ အထက်လွှတ်တော်၊ အောက်လွှတ်တော်အပါအဝင် အတည်ပြုနိုင်ခဲ့ပြီးတော့ NDAA ရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ Burma Act ကို အတည်ပြုခဲ့တာပေါ့နော်။ NDAA ကို ဒီဇင်ဘာလ ၂၀၂၂ ခုနှစ်မှာ အတည်ပြုတယ်၊ သမ္မတဂျိုးဘိုင်ဒန် လက်မှတ်ထိုးပြီး‌တော့ ဥပဒေအနေနဲ့ အတည်ပြုတယ်။ အဲဒီထဲမှာ Burma Act ဆိုပြီး ပါလာတယ်။

Burma Act အရ ဘယ်ကဏ္ဍတွေကို အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံမှာ လူ့အခွင့်ရေးဆိုင်ရာ၊ ဒီမိုကရေစီရေးဆိုင်ရာ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အစရှိသဖြင့် ဒီကဏ္ဍအလိုက် ကူညီမှုအတွက် ဘာတွေကူညီလို့ရလဲ ဆိုတာကို Burma Act မှာ ပြဌာန်းထားခဲ့တယ်။ ဒါပေမယ့် Burma Act မှာ ဘယ်လောက်သုံးစွဲမယ်ဆိုတာ မပါလာဘူး။ approbation မှာတော့ ဘယ်လောက်သုံးစွဲမယ် ဆိုတာပါလာတယ်။

သူတို့ရဲ့နိုင်ငံ သုံးစွဲမယ့်ဘတ်ဂျက်အရ ဒီ approbation ကို ဘယ်လိုခွဲ‌ဝေ သုံးစွဲမယ်ဆိုတာကို ညှိနှိုင်းနေတဲ့အပေါ်မှာ အချိန်ကြာမြင့်လာတဲ့အတွက် ၆ လလောက် overdue ဖြစ်လာတာပေါ့။ အခုမှ ဒီ approbation အရ ဥပဒေကို ပြဋ္ဌာန်းနိုင်ခဲ့တယ်။ သူတို့ရဲ့လွှတ်တော်မှာ ကြန့်ကြာနေတာ ဖြစ်ပါတယ်။ ဒါကတော့ ကျွန်တော်တို့ရဲ့ မြန်မာပြည်နဲ့ဆိုင်တဲ့ဟာ တစ်ခုတည်းမဟုတ်ပါဘူး။ အမေရိကန်ပြည်ထောင်စု အစိုးရသုံးစွဲမယ့်ဟာ အားလုံးအတွက်မှာ အခုနက ကျွန်တော်ပြောသလို ဒေါ်လာ ၁ ဒသမ ၂ ထရီလီယံ သုံးစွဲမှုအတွက် ညှိနှိုင်းနေကြတဲ့နေရာမှာ ကြန့်ကြာနေတဲ့အတွက်ကြောင့် အခုမှပဲ အတည်ပြုတာ ဖြစ်ပါတယ်။

A-Time ။ ။ နောက်ပြီး ရလာမယ့် အကူအညီတွေကို ဘယ်လိုကဏ္ဍတွေမှာ ခွဲဝေသုံးစွဲရမယ်လို့ သိထားပါသလဲ။

UKZ ။ ။ အခုနက ဒေါ်လာ ၁၂၁ သန်းဆိုပြီးတော့ ပြဌာန်းထားတာရှိတယ်။ ဘယ်ကဏ္ဍမှာ ဘယ် လောက်သုံးစွဲရမယ်ဆိုတာ ဥပဒေအရ ပြဌာန်းထားတယ်။ လူသားချင်းစာနာမှု အ‌ထောက်အကူတွေပေးဖို့၊ ကျွန်တော်တို့အရင်တစိုက်မတ်မတ် တောင်းဆိုနေခဲ့တဲ့ နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှု‌ အထောက်အကူပေးဖို့ cross border assistance ပေါ့နော်။ အဲ့အတွက် ၇၅ သန်း ဆိုပြီးတော့ သူတို့ပြဌာန်းထားတာ တွေ့ရတယ်။

အဲ့ဒီမှာလည်းတစ်ခါ ဘယ် Border ၊ ဘယ်နယ်စပ်ကနေ ဖြတ်ကျော်ရမလဲဆိုတာ သတိထားမိတယ်။ အဲ့ဒါဘာလဲဆိုတော့ ထိုင်းနိုင်ငံနဲ့ အိန္ဒိယနိုင်ငံကနေပြီးတော့ နယ်စပ်ဖြတ်ကျော်ပေးဖို့အတွက် ‌ဒေါ်လာ ၇၅ သန်းဆိုပြီးတော့ တွေ့ရတယ်။ ပြီးတော့ လူသေစေနိုင်တဲ့ဟာ မပါတဲ့ အကူအညီပေးဖို့ ဆိုတဲ့ဟာမှာ ၂၅ သန်း၊ အဲ့ဒါက ဒုတိယအများဆုံးလို့ သတိထားမိပါတယ်။ နောက်ပြီးတော့ အုပ်ချုပ်ရေးနဲ့ ဖက်ဒရယ်ရေးရာအတွက် သူတို့ ကူညီပေးဖို့ ဒေါ်လာ ၁၀ သန်း ပြဌာန်းထားတာ တွေ့ပါတယ်။
နောက်ပြီးတဲ့အခါမှာတော့ နိုင်ငံရေးအကျဉ်းသားတွေ ကူညီဖို့ ၁ သန်းခွဲနဲ့ အကြမ်းဖက် စစ်တပ်ကနေ စွန့်ခွာလာတဲ့ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တို့ကို ကူညီဖို့အတွက် လုပ်နေတဲ့ program တွေအတွက် ၁ သန်းခွဲ။ အဲ့ဒါတွေကအစ ပြီးတော့ ရိုဟင်ဂျာတွေအတွက် တရားမျှတမှုရရှိဖို့ ကဏ္ဍမှာဆိုရင်လည်း ၁ သန်းဆိုပြီး ပြဌာန်းထားတာ တွေ့ရပါတယ်။

နောက်ပြီးတော့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေကို ရပ်စဲဖို့အတွက်၊ အကြမ်းဖက်မှုတွေကို တရားစွဲဆိုနိုင်တာတွေ လုပ်နိုင်ဖို့၊ Documentation မှတ်တမ်းမှတ်ရာတွေ လုပ်တာ၊ သက်သေစုဆောင်းတာတွေ အစရှိတာတွေ လုပ်နိုင်ဖို့အတွက် ၇ သန်းနဲ့တူတယ်။ အဲ့ဒါတွေ ပြဌာန်းထားတာ တွေ့ပါတယ်။ အားလုံးပေါင်းလိုက်ရင်တော့ ဒေါ်လာ ၁၂၁ သန်းရှိရမယ်ပေါ့။ အဲ့ဒါသူတို့ ပြဌာန်းထားပါတယ်။

A-Time ။ ။ ဒီကူညီမှုကရော စစ်ဒဏ်ကို ခံစားနေရတဲ့ ပြည်သူတွေ လက်ထဲရောက်ဖို့ ဘယ်လောက်ကြာနိုင်မယ် ခန့်မှန်းပါသလဲ။ ဘယ်လိုလုပ်ငန်းစဉ်တွေ ရှိဦးမလဲ။

UKZ ။ ။ ဟုတ်ကဲ့။ ကျွန်တော်ခုန ရှေ့မှာပြောခဲ့သလိုပေါ့နော်။ ဒီဟာသည် အခု ဥပဒေတစ်ရပ် ဖြစ်သွားပြီ၊ ဒီဥပဒေအရ ဘယ်နေရာမှာ ဘယ်လောက်ပေးရမလဲဆိုတာ၊ ပေးနိုင်တယ်ဆိုတာ ဥပဒေကနေ ခွင့်ပြုပေးလိုက်ပြီ။ အဲ့ဒါကို ဘယ်လိုမျိုး ပေးမယ်ဆိုတာကို ဥပမာပြန်ပေးရမယ်ဆိုရင် ကျွန်တော်ခုနက ပြောသလို ၇၅ သန်း လူသားချင်းစာနာမှု အထောက်အကူ၊ နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှု ပေးတဲ့ဟာမှာ ၇၅ သန်းမှာ ဘယ်လိုပေးမယ်ဆိုတာကို သက်ဆိုင်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့အစိုးရဌာနကနေပြီးတော့ ဆုံးဖြတ်ရမယ်။

အဓိကတာဝန်ရှိမှာကတော့ ဒေါ်လာ ၁၂၁ သန်းလုံးအတွက် နိုင်ငံခြားရေးဝန်ကြီး ဌာနနဲ့သက်ဆိုင်တဲ့ USAID လိုမျိုး အဖွဲ့အစည်း အဲ့ဒါတွေကနေပြီးတော့ တာဝန်ယူပြီးလုပ်ဆောင်ပေးပါလိမ့်မယ်။ အခုက ခြောက်လလောက် နှောင့်နှေးနေပြီ။ သူတို့မှာလည်း စဉ်းစားထားတာ တွေရှိမယ်၊ Plan တွေ ရှိမယ်ဆိုတော့ မြန်မြန်ဆန်ဆန်အကောင်ထည်ဖော်နိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။

နောက်ပြီးတော့ ကျွန်တော်တို့ NUG အစိုးရနဲ့ကလည်း အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ပုံမှန်ထိတွေ့ဆက်ဆံနေတာရှိတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံလူထုမှာ ဘာတွေအခက်အခဲတွေရှိလဲ၊ ဘာတွေလိုအပ်နေလဲဆိုတာ သူတို့ကို ကျွန်တော်တို့ တင်ပြဆွေးနွေးရ‌တာတွေ အများကြီးရှိပါတယ်။ အဲ့တော့ သူတို့အနေနဲ့ ဒီဟာကို ဘယ်လိုဘယ်လမ်းကြောင်းက သွားမလဲ၊ ဘယ်လိုပေးမယ်ဆိုတဲ့ဟာကို သူတို့မြန်မြန်ဆန်ဆန်လုပ်ကိုင်သွားလိမ့်မယ်လို့ ကျွန်တော်တို့မျှော်လင့်ပါတယ်။

ဒါကတော့ ဒီသက်ဆိုင်တဲ့ ဌာနတွေပေါ့နော်၊ အစိုးရဌာနတွေရဲ့ လုပ်ကိုင်မှုအပေါ်မှာ မူတည်ပါလိမ့်မယ်။ ဒါပေမယ့်လည်း ကျွန်တော့်အမြင်ပေါ့နော်။ ဒါမြန်မြန်ဆန်ဆန်လေး ဖြစ်လာလိမ့်မယ်။ နောက်ပြီးတော့ ကျွန်တော်တို့ မျှော်လင့်တာ ကျွန်တော်တို့နဲ့ မဟာမိတ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေနဲ့ ပူးတွဲပြီးတော့ တင်ပြထားတာတွေရှိတယ်။ ကျွန်တော်တို့အနေနဲ့ ညှိနှိုင်းပြီးတော့ Coordinate လုပ်ပြီးတော့ ထိရောက်တဲ့ အကူညီတွေကို လိုအပ်တဲ့ လူထုလက်ထဲကိုရောက်ဖို့အတွက် ဖြစ်လာမယ်လို့လည်း ကျွန်တော်မျှော်လင့်ပါတယ်။

A-Time ။ ။ အခုလို ကူညီပေးမှုဟာ ငွေကြေးရှု့ထောင့်အပြင် နိုင်ငံရေးရှု့ထောင့်အရပါ အရေးပါမယ်လို့ ထင်ပါတယ်။ ဆရာတို့ ဘယ်လိုသုံးသပ်ထားပါသလဲ။

UKZ ။ ။ ဒီဟာကတော့ ကျွန်တော်တို့ ဘယ်လိုခေါ်မလဲ၊ အပေါင်းလက္ခဏာပေါ့နော်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ လိုအပ်ချက်တွေက အများကြီးရှိတယ်။ အခုဒီလူသားချင်းစာနာမှုပြောတဲ့ ၇၅သန်း နဲ့ ထိုင်းနိုင်ငံနဲ့ အိန္ဒိယနိုင်ငံ နယ်စပ်ဖြတ်ကျော်မှု အဲ့လိုမျိုး ဒါကျွန်တော်တို့ တစိုက်မတ်မတ်တောင်းနေတာ ဒါမျိုးပေးဖို့အတွက်။ သူတို့ဥပဒေမှာ ပြဌာန်းလိုက်ပြီဆိုတော့ ကျွန်တော်တို့ အသိအမှတ်ပြုပါတယ်။ ကြိုလည်းကြိုဆိုပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။

ဒါတိုးတက်မှုတစ်ခုလို့ ကျွန်တော်တို့ လက်ခံပါတယ်။ ဒီတိုးတက်မှုကနေပြီးတော့ ကျွန်တော်တို့ ထိရောက်တဲ့ အကူအညီတွေကို လိုအပ်နေတဲ့ ပြည်သူလူထု လက်ထဲကို ထိထိရောက်ရောက် ပေးဖို့အတွက်ကို လုပ်ဆောင်နိုင်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်တယ်။ ဥပမာဆိုရင် အခုထိုင်းနိုင်ငံက နယ်စပ်ဖြတ်ကျော်မှု လူနှစ်သောင်း လောက်အတွက်ကို ပေးနေတယ်။ လုပ်တဲ့ရည်ရွယ်ချက်ကို ကျွန်တော်တို့ အသိအမှတ်ပြုတယ်၊ ကြိုဆိုတယ်၊ ကျေးဇူးတင်တယ်။

ဒါပေမယ့် ပေးတဲ့အဖွဲ့အစည်းက အကြမ်းဖက် စစ်ကောင်စီရဲ့လက်ကိုင်တုတ် မြန်မာ‌ကြက်ခြေနီ အသင်းက တဆင့်ပေးမယ်ဆိုတဲ့ဟာ မဖြစ်သင့်‌ဘူးပေါ့။ ဒါပေမယ့် အမေရိကန်အစိုးရကတော့ NUG၊ တိုင်းရင်းသား မဟာမိတ်တွေ၊ နောက်မြေပြင်ပေါ်မှာ တကယ်လုပ်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီးတော့ လုပ်ကိုင်သွားလိမ့်မယ်လို့ မျှော်လင့်တယ်။ နိုင်ငံရေးအရတော့ အမေရိကန်ပြည်ထောင်စုက NUG အစိုးရနဲ့ ဒီမိုကရေစီလှုပ်ရှားမှုကို တစိုက်မတ်မတ် ထောက်ခံအားပေးတဲ့တိုင်းပြည်တစ်ခု၊ နိုင်ငံတစ်ခုဖြစ်တယ်။

ဒါကတော့ ပါးစပ်နဲ့တင် မဟုတ်ဘူး၊ လက်တွေ့မှာ ပါလာတယ်ဆိုတဲ့ဟာ အဲ့ဒါမျိုးတွေရှိတယ်။ ကြိုဆိုပေမယ့် ကျေးဇူးတင်ပေမယ့် ကျွန်တော်တို့ရဲ့ အောင်မြင်မှုဟာ အဓိက ပြည်သူရဲ့အင်အားပါပဲ။ ပြည်သူတွေ တော်လှန်ရေးမှာ ပါဝင်နေလို့ ပြည်သူတွေရဲ့အင်အားကြောင့် ကျွန်တော်တို့ အောင်ပွဲတွေဆင်နေတယ်။ အောင်ပွဲတွေဆင်နေလို့ ဒီလိုအကူအညီတွေရောက်လာတယ်။

ဥပမာဆိုရင် ဒီကဏ္ဍမှာပါတဲ့ Government and Federalism ဆိုတာ ဒေါ်လာ ၁၀ သန်းနဲ့၊ အဲ့ဒါမျိုးက ဘာလဲဆိုတော့ ကျွန်တော်တို့ government ဆိုတာ အုပ်ချုပ်တဲ့ နေရာတွေ များလာတယ်၊ အဲ့တော့ အဲ့အတွက်ကို အကူအညီပေးတဲ့ဟာတွေ ပေါ်လာတယ်၊ အဲ့တော့ ကျွန်တော်တို့ရဲ့ အဓိကအင်အား၊ ကျွန်တော်တို့ရဲ့ တော်လှန်ရေးမှာ အောင်မြင်ဖို့အတွက် အောင်မြင်နေတဲ့ အဓိကအင်အားဟာ ပြည်သူတွေရဲ့အင်အားသာ ဖြစ်တယ်ဆိုတာ ကတော့ ကျွန်တော်ထောက်ပြပြီး ပြောကြားချင်ပါတယ်။

A-Time ။ ။ နောက်ဆုံးမေးလိုတာက Burma Act မှာ ချွင်းချက်အနေနဲ့ ချန်လှပ်ထားတဲ့ MOGE ကိစ္စအတွက်ကိုရော အရေးယူ ဒဏ်ခတ်နိုင်ဖို့ ဘယ်လိုကြိုးစား ဆောင်ရွက် နေပါသလဲ။ လက်ရှိအခြေအနေ ဘယ်လိုရှိပါသလဲ။

UKZ ။ ။ Burma Act ထဲမှာ အခုနက ဆရာပြောသလို ဒီအရေးယူတဲ့ ကဏ္ဍတွေလည်းပါတယ်။ ဒါပေမယ့် ဒီ Approbation Act မှာကတော့ ပိုက်ဆံကို ဘယ်ကဏ္ဍကိုဘယ်လောက်ကူမလဲ၊ ဘယ်လိုကူညီမလဲဆိုတာ ပါလာတာပေါ့နော်။ အဲ့တော့ ထပ်ဆင့်ပြီးတော့ ပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်ဖို့အတွက်ကတော့ ကျွန်တော်‌တို့တတွေ တစိုက်မတ်မတ် လုပ်နေတယ်။ ပြောဆိုဆွေးနွေးနေတာ ရှိတယ်။

အကြမ်းဖက်စစ်အုပ်စုကို အရေးယူမှုတွေ ‌နောက်ထပ်လာပါလိမ့်မယ် ဆိုတာရယ်၊ ပိုပြီး ထိရောက်တဲ့ အရေးယူမှုတွေ လာပါလိမ့်မယ်ဆိုတာ ကျွန်တော်ယုံကြည်မျှော် လင့်ပါတယ်။ ကျွန်တော်တို့နဲ့ ထိတွေ့ဆက်ဆံတဲ့ အချိန်တိုင်းမှာ ဘယ်နေရာမှာ ဘယ်လိုအရေးယူသင့်တယ်ဆိုတာ ကျွန်တော်တို့ရဲ့ အမြင်၊ တောင်းဆိုချက်တွေကို အမြဲတမ်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးတာတွေ ရှိပါတယ်။

A-Time ။ ။ ဟုတ်ကဲ့။ ဖြည့်စွက်ပြောလိုတာများ ရှိဦးမလား။

UKZ ။ ။ ဟုတ်ကဲ့။ ကျွန်တော်ထောက်ပြပြီး ပြောပြချင်တာကပေါ့နော်။ ဒီဟာကတော့ ရှင်းရှင်းပြောရင် လိုအပ်ချက်တွေနဲ့ စာရင်တော့ အများကြီးနည်းပါတယ်။ ဒါပေမယ့် ဘယ်လောက်ပဲဖြစ်ဖြစ် ဒီလိုမျိုး လေထဲကနေ မဟုတ်ဘဲ လက်တွေ့ အကူအညီပေးတဲ့ အခန်းကဏ္ဍကို ရောက်လာပြီဆိုတော့ အားတက်စရာတစ်ခုပါ။ ဒီဟာက လူသေတဲ့ လက်နက်ကိရိယာ မပါဘဲနဲ့ လူတွေကို အကူအညီပေးဖို့ဟာဖြစ်တယ်။

နောက်ပြီး အကြမ်းဖက် စစ်အုပ်စုက ဟန်ချက်ညီညီနဲ့ သွေးခွဲဖို့‌ ကြိုးစားနေတယ်။ ခြိမ်းခြောက်ပြီးတော့ အုပ်ချုပ်ဖို့ကြိုးစားနေတယ်။ လူမျိုးရေး၊ ဘာသာရေးအရ ကျွန်တော်တို့တွေကြားထဲမှာ သွေးကွဲအောင် ကြိုးစားနေတယ်။ အဲ့ဒါတွေကို တော်လှန်ရေး သတိအကြီးကြီးနဲ့ သတိထားပြီးတော့ ညီညီညွတ်ညွတ်၊ ဟန်ချက်ညီညီနဲ့ အရှိန်အဟုန်တိုးမြှင့်ပြီး လုပ်မယ်ဆိုရင် ဒီစစ်အာဏာရှင်စနစ် ကျဆုံးဖို့အချိန်ဟာ မဝေးတော့ဘူးဆိုတာ အတိအကျ ပြောချင်ပါတယ်။

A-Time ။ ။ ဟုတ်ကဲ့။ အခုလို အချိန်ပေး ဖြေကြားပေးလို့ ကျေးဇူးတင်ပါတယ်။
UKZ ။ ။ ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။
#အမေရိကန် #NDAA #BurmaAct #ဒေါ်လာ၁၂၁သန်း #NUG #သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ #ဦးကျော်ဇော #အင်တာဗျူး #Ayeyarwaddy_Times