ညီညီမင်း/ဧရာဝတီတိုင်းမ်
(ရေကြည်)၊ သြဂုတ်လ ၃ ရက်

ဧရာ၀တီတိုင်း၊ ရေကြည်မြို့နယ်၊ ဂွ – ငါးသိုင်းချောင်းကားလမ်းဘေး တောအုပ်တွင်းမှာ ရိုဟင်ဂျာလူမျိုး ၂၂ ဦးကို စစ်ကောင်စီတပ်များကဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့နီးစပ်တဲ့အသိုင်းအ၀ိုင်းထံကနေ သိရပါတယ်။

“ကားက ဂွမြို့နယ် ဗေဒါစစ်ဆေးရေးဂိတ်ကမောင်းပြေးလာလို့ ရေကြည် ၁၈ မိုင်မှာ ပိတ်ဖမ်းတာ။ ကားက ထပ်မောင်းပြေးသွားလို့ လိုက်ဖမ်းတာ။ ကားကိုတောစပ်မှာကားကိုထားပြီးထွက်ပြေးကုန်လို့ တောထဲမှာရှာတာ ကျား ၉ ဦး၊မ ၁၀ ဦး၊ ကလေး ၃ ဦးကိုဖမ်းဆီးရခဲ့တာ”လို့ ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

အဆိုပါကားဟာ မောင်းလာစဥ်မှာ ဂွ၊ငါးသိုင်းချောင်းကားလမ်းမိုင်တိုင် ၄၄ နားမှာ ရိုဟင်ဂျာအမျိုးသမီး ၂ ဦး ကားပေါ်ကနေပြုတ်ကြခဲ့ပြီး တစ်ဦးသေဆုံးကာ ၊တစ်ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

“မိုင်တိုင် ၄၄/၀ နဲ့ ၄၄/၁ ကြားမှာပြုတ်ကြတာ။ တစ်ယောက်က ခေါင်းပွင့်ပြီးသေတယ်။ တစ်ယောက်က ဒဏ်ရာနဲ့ တွေ့ရတယ်။ မနေ့ကညက ဂွကားလမ်းပေါ်မှာ ရိုဟင်ဂျာအမျိုးသား ၁ ဦးထပ်ဖမ်းမိတယ်ဆိုတော့ ရေကြည်ဘက်မှာ ၂၂ ဦး ဂွဘက်မှာ ၃ ဦးဆိုတော့ စုစုပေါင်း ၂၅ ဦးဖမ်းမိပါတယ်” လို့ ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

လက်ရှိမှာရိုဟင်ဂျာများကို ရေကြည်မြို့မရဲစခန်းမှာစစ်ဆေးနေပြီး လ၀က ဥပဒေ နဲ့ တရားစွဲအရေးယူဖို့ပြင်ဆင်နေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။