နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ် ၁၆ ရက်

ကချင်ပြည်နယ်၊ မြစ်ကြီးနား-ဗန်းမော်ကားလမ်း၏ အနောက်ဘက်ခြမ်းတွင် စစ်ကောင်စီနှင့် မြေပြင်တိုက်ပွဲများ ဆက်လက်ဆင်နွှဲနေပြီး ဆွမ်ပရာဘွမ်မြို့ရှိ တပ်စခန်းကိုလည်း သိမ်းပိုက်ရရှိထားကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ထံက သိရသည်။

အဆိုပါ ဆွမ်ပရာဘွမ်မြို့ရှိ တပ်စခန်းကို KIA နှင့် တော်လှန်ရေး ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်နေစဉ် ယနေ့ မတ် ၁၆ ရက်၊ နံနက်ပိုင်းမှစ၍ စစ်ကောင်စီဘက်မှ လေယာဉ်ဖြင့် လာရောက်ပစ်ခတ် ဗုံးကြဲခဲ့ကြောင်း ဒေသတွင်း သတင်းများနှင့် KIA သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ၏ ပြောပြချက်အရ သိရသည်။

“လိုင်ဇာဘက်မှာကတော့ တိုက်ပွဲက နည်းနည်းတော့ ပြန်ငြိမ်သွားပြီးမှ မြစ်ကြီးနား-ဗန်းမော် ကားလမ်းရဲ့ အနောက်ဘက်ခြမ်းမှာတော့ မြေပြင်တိုက်ပွဲတွေ ရှိပါတယ်။ အခြေအနေကိုတော့ အခုထက်ထိ (ယနေ့ညနေ) ကျွန်တော်တို့လည်း သတင်းအချက်အလက် မရသေးဘူး။ တိုက်ပွဲရှိတယ် ဆိုတာလောက်ပဲ ကျွန်တော်တို့ ကြားသိရပါတယ်။ နောက် ဆွမ်ပရာဘွမ်ဘက်မှာလည်း တိုက်ပွဲကတော့ ရှိပါတယ်။ တပ်စခန်းကို ကျွန်တော်တို့ ရရှိထားပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

KIA နှင့် ပူးပေါင်းတပ်များသည် လိုင်ဇာမြို့အနီးရှိ စစ်ရေးအရ အရေးပါသည့် ဘွမ်ရယ်တောင် စစ်ကောင်စီ တပ်စခန်းကိုလည်း ယမန်နေ့ မတ် ၁၅ ရက်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ယင်းစခန်းအား စွန့်ခွါထွက်ပြေးသွားသော အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဗျူဟာမှူးအပါအ၀င် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို လိုက်လံရှင်းလင်းနေကြောင်း သိရသည်။

“လိုင်ဇာမြို့ရဲ့ ပတ်ဝန်းကျင်မှာတော့ မနေ့က ဘွမ်ရယ်တောင် တပ်စခန်းကို ကျွန်တော်တို့ တပ်ပေါင်းစုတွေနဲ့ သိမ်းပိုက်လိုက်တယ်။ အဲဒီကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီ ဗျူဟာမှူးနဲ့ အဖွဲ့တွေကို လိုက်ရှင်းနေပါတယ်” ဟု KIA သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။

ပြီးခဲ့သည့် မတ် ၇ ရက်မှစတင်၍ ဖြစ်ပွါးခဲ့သော ကချင်တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ ခန်းကိုင်တောင်ရှိ ခလရ-၁၄၂၊ ခရာဘွမ်၊ ဆွမ်ဘရာဘွမ်အနီးရှိ မလိယာန်တပ်စခန်း ခလရ -၄၆၊ ဖုန်ပျံဘွမ်တပ်စခန်း၊ တာပိန်မြစ် တံတားစခန်းအပါအ၀င် တပ်စခန်းပေါင်း ၂၀ ကျော်ကို KIA နှင့် ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ထားနိုင်ကြောင်း သိရသည်။

“ပြောလို့ရတာကတော့ မြစ်ကြီးနား-ဗန်းမော် ကားလမ်းတကြောလုံးမှာရှိတဲ့ တပ်စခန်းတွေ၊ အရေးကြီးအရေးပါ ဗျူဟာမြောက်တဲ့ တပ်စခန်းကတော့ ၁၀ ခုလောက် ရှိတာပေါ့။ တခြားသူတို့ရဲ့ ကာကင်းတွေပေါ့နော်။ လုံခြုံရေးတပ်တွေနဲ့ ပေါင်းလို့ရှိရင်တော့ ၂၀ ကျော်လောက် ရှိပါပြီ။ ဒါကတော့ မြစ်ကြီးနား-ဗန်းမော် ကားလမ်းတကြောလုံးက အခြေအနေကို ပြောတာပါနော်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

စစ်ကောင်စီ၏ ဝိုင်းပတ်ပိတ်ဆို့ထားသော လိုင်ဇာမြို့အနီးရှိ တပ်စခန်းများကို KIA က ယခုကဲ့သို့ ပြန်လည်တိုက်ယူလိုက်သည့်အတွက် လိုင်ဇာမှ ဗန်းမော်-မြစ်ကြီးနား ကားလမ်းထိ ထိုးယိုပေါက် ပေါက်သွားပြီး KIA အနေဖြင့် စစ်ရေးတဆင့် တိုးမြှင့်ကာ အနီးစပ်ဆုံး ဗန်းမော်-ဝိုင်းမော်-မြစ်ကြီးနားဘက်ရှိ စစ်ကောင်စီ၏ ဌာနချုပ်များကို ဆက်လက်တိုက်ခိုက်လိမ့်မည်ဟု ရှုမြင်မိကြောင်း စစ်ရေးဗျူဟာ ကျွမ်းကျင်သူ CDM ဗိုလ်ကြီးဇင်ယော်က ဆိုသည်။

“အဓိကတိုက်ကွက် ဖော်မယ်ဆိုရင်တော့ စစ်ကိုင်းနဲ့ ထိစပ်နယ်မြေဖြစ်တဲ့ ကသာ၊ ထီးချိုင့်၊ ပင်လယ်ဘူး၊ ဝန်းသိုဘက်တွေကိုပါ သူတို့ အောင်မြေချဲ့လာမယ့် အနေအထားရှိတယ်။ ဘာလို့လည်းဆိုတော့ စစ်ကောင်စီက အဓိက ဖားကန့်ကို လက်မလွှတ်ချင်ဘူး။ အဲဒါကို KIA အနေနဲ့ ယောင်ပြတိုက်ထားပြီး မထင်မှတ်တဲ့ ဗန်းမော်ဘက်ကနေ ရှမ်းမြောက်နဲ့လည်း ချိတ်လို့ရသွားအောင်၊ ကချင်နဲ့ စစ်ကိုင်း ချိတ်လို့ရသွားအောင် ပေါက်မယ်လို့တော့ ကျွန်တော်မြင်တယ်” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဓာတ်ပုံ -KIA တပ်ဖွဲ့ဝင်များ

#မြစ်ကြီးနား #ဗန်မော်ကားလမ်း #အနောက်ဘက်ခြမ်း #မြေပြင်တိုက်ပွဲ #ဆက်လက်ဆင်နွှဲ #KIA #Ayeyarwaddy_Times