
ဧရာဝတီတိုင်းမ်
မတ် ၁၅ရက်
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ကမ်းနီရွာအနီးရှိ တိုင်းဗဟို (၉) ခေါ် အမှတ်(၉) တပ်မတော်တန်းမြင့်လေ့ကျင်ရေးကျောင်းမှ ကျောင်းအုပ်ချုပ်ရေးဌာနမှူး ဒုတိယ ဗိုလ်မှူးကြီး ရဲထွဋ်ဝင်းနှင့်အဖွဲ့ ထွက်ပြေးစဉ် ဒေသခံများကို လူသားဒိုင်းဓားစာခံ အဖြစ်ဖမ်းဆီးခေါ်ဆောင်သွားပြီး အချို့ကို လမ်းတွင်ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီက ဒေသခံ ၂၀ကျော်အား ဖမ်းဆီးခေါ်ဆောင်သွားသည်ကို ရက္ခိုင့်တပ်တော် (AA)က လိုက်လံကယ်တင်ခဲ့ရာတွင် ဦးမောင်သန်းမြင့်နှင့် ဦးမောင်ခင်ရွှေတို့က ၎င်းတို့ ကြုံတွေခဲ့ရမှုများနှင့် မိသားစုဝင်များအသတ်ခံခဲ့ရပုံကို AA ထံ ထုတ်ဖော် ပြောကြား ခဲ့သည်။
ဦးမောင်သန်းမြင့်နှင့် သားဖြစ်သူ အသက် ၁၈နှစ်အရွယ် ကိုကျော်ဝင်းတို့နှစ်ဦးကို ဝါးခုတ်နေစဉ်တွင် စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားပြီး လက်နောက်ပြန် ကြိုးတုတ်ကာ အမျိုးမျိုးနှိပ်စက်ပြီးနောက် ဖခင်ဖြစ်သူ ဦးမောင်သန်းမြင့်ရှေ့တွင် သားဖြစ်သူကို ရက်ရက်စက်စက် သတ်ဖြတ်ပစ်ခဲ့သည်။
“ကျွန်တော်တို့ဝါးခုတ်သွားတဲ့အခါ စစ်ကောင်စီတပ်တွေနဲ့တွေ့ပြီး ကျွန်တော်တို့သားအဖ နှစ်ယောက်လုံး ဖမ်းဆီးခံခဲ့ရပါတယ်။ လက်နောက်ပြန်ကြိုးတုပ်ပြီး ရက်ရက် စက်စက် နှိပ်စက်ကြပါတယ်။ ကျွန်တော့်သားကိုလည်း ရက်ရက်စက်စက် ကျွန်တော့်မျက်စိ ရှေ့တင်သတ်တယ်။ ကျွန်တော်ဟာမျက်ရည် စက်စက်နဲ့နေရပါတယ်” ဟု ဦးမောင် သန်းမြင့်က ပြောသည်။
စစ်ကောင်စီသည် ဦးမောင်သန်းမြင့်၏ သားဖြစ်သူကို မသတ်ဖြတ်ခင် ရက်ရက် စက်စက်နှိပ်စက်ပြီး အစာရေစာလည်းမပေးသည့်အပြင် သေနတ်နဲ့ပစ်ခတ်သတ်ဖြတ် ခဲ့သည့်အတွက် ယခုလိုလုပ်ခံရသည့်အပေါ် ခံစားရကြောင်း ဦးမောင်သန်းမြင့်က AA ထံ ထွက်ဆိုသည်။
ထို့အပြင် ဦးမောင်ခင်ရွှေ၏ သားဖြစ်သူ အသက် ၁၆ နှစ်အရွယ် မောင်နေမျိုးထက်နှင့် သားမက်ဖြစ်သူ အသက် ၃၃ နှစ်အရွယ် ကိုကျော်အေးလှိုင်တို့ကိုလည်း ဝါးခုတ်နေရာမှ စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားပြီး သားဖြစ်သူနှင့် သားမက်ဖြစ်သူတို့ အသတ်ခံခဲ့ရကြောင်း ဦးမောင်ခင်ရွှေကပြောသည်။
“ကျွန်တော့်ကိုလည်း နောက်နေ့မှာ သတ်ဖို့လုပ်ထားတာပါ။ နောက်တစ်နေ့ သတ်မယ့် အချိန်ရောက်တဲ့အခါ မသတ်ဖြစ်လိုက်ဘူး။ ကျွန်တော့်ကို သတ်မဲ့နေ့မှာ နွားနဲ့ကျွဲကို သတ်ပြီး ကင်ကြပါတယ်။ အဘဆိုတဲ့သူကို ရှေ့တန်းပွိုင့်သမားက နွားနဲ့ကျွဲ တစ်ကောင်တော့ရ ထားတယ်။ လူဆယ်ယောက်ကို ဘယ်သူ့ကိုအရင်သတ်ရမှာလဲလို့ မေးပါတယ်။ နွားကိုအရင်သတ်ပြီး လူကိုမနက်ကျမှ သတ်မယ်လို့ပြောပါတယ်။ အဲဒီနေ့ မှာ ကျွန်တော်တို့ကို ဘာမှမကျွေးဘဲ နောက်ပြန်ကြိုး တုပ်ပြီးထားပါတယ်။ ကျွန်တော်တို့အနားမှာ အကုန် လုံး သေနတ်တွေမှာကျည်ဆံအပြည့်နဲ့ ဝိုင်းပြီးစောင့် နေပါတယ်။ မနက် ၄ နာရီကျော် ၅ နာရီလောက်မှာ ကျွန်တော်တို့ကို ရက္ခိုင့်တပ်တော် AA က လာကယ်ခဲ့ပါတယ်။ အခုကျွန်တော်တို့ကို တပ်တော်က လုံခြုံတဲ့ နေရာမှာ ထားပါတယ်။ ကျွန်တော်တို့သားသမီးတွေကို သတ်ပစ်တဲ့သူတွေကို ထိရောက်စွာ အရေးယူ ပေးစေချင်တယ်”ဟု ဦးမောင်ခင်ရွှေက ပြောသည်။
ရက္ခိုင့်တပ်တော် (AA) က မတ် ၈ရက် နံနက် ၄နာရီခန့်က လာရောက်ကယ်တင်ချိန်တွင် စစ်ကောင်စီဖမ်းဆီးထားသည့် ဓားစာခံများက ကျွန်တော်တို့ ပေါ်တာပါဟုအော်ဟစ်ခဲ့သည့် အတွက် AA က ကယ်တင်ပြီး လုံခြုံသည့်နေရာသို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ဒေသခံ ၂၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ရက်ရက်စက်စက် သတ်ဖြတ် ပစ်ခဲ့သည့်တိုင်းဗဟို (၉) ကျောင်းအုပ်ချုပ်ရေးဌာနမှူး ဒုဗိုလ်မှူးကြီး ရဲထွဋ်၀င်းနှင့်အဖွဲ့ကို မတ် ၈ ရက်နေ့တွင် အသေ ဖမ်းဆီးရမိပြီး ဒေသခံ ၂၀ ကျော်ကို AA က ကယ်ဆယ်နိုင်ခဲ့ ခြင်းဖြစ်သည်။
ပုံစာ- စစ်ကောင်စီလက်မှလွတ်မြောက်လာသည့် ဦးမောင်သန်းမြင့်နှင့် ဦးမောင်ခင်ရွှေ
#ရခိုင် #မင်းပြား #ကမ်းနီ #တတက၉ #ဓားစာခံများ #သတ်ဖြတ် #စစ်ကောင်စီ #Ayeyarwaddy_Times